SNLD ပါတီ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် အိုးစည်တီးမှုနှင့်ပတ်သက်၍ အိမ်ရှင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ဆင့်ခေါ်မှုသည် မဲဆန္ဒရှင်များအား တစ်ဖက်လှည့်နှင့် ခြိမ်းခြောက်သည်ဟုဆိုကာ SNLD ပါတီ ကန့်ကွက်

SNLD ပါတီ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် အိုးစည်တီးမှုနှင့်ပတ်သက်၍ အိမ်ရှင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ဆင့်ခေါ်မှုသည် မဲဆန္ဒရှင်များအား တစ်ဖက်လှည့်နှင့် ခြိမ်းခြောက်သည်ဟုဆိုကာ SNLD ပါတီ ကန့်ကွက်
Published 22 September 2018

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၂၀) နောင်ခမ်းကြီးကျေးရွာတွင် (SNLD) ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်း နန်းထွေးမှုံမဲဆွယ်စည်းရုံး ဟောပြောနေစဉ် (ဓာတ်ပုံ-SNLD)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၂၀) နောင်ခမ်းကြီးကျေးရွာသို့ စက်တင်ဘာ ၂၁ ရက်တွင် စည်းရုံးရေးဆင်းလာသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ၏ မဲဆွယ်စည်းရုံး ရေးခရီးစဉ်တွင် အိုးစည်ဗုံမောင်းတီးမှုတ်မှု နှင့်ပတ်သက်၍ အိမ်ရှင်အား ကျေးရွာအုပ်ချုပ်ရေးမှူးက ဆင့်ခေါ်မှုသည် မဲဆန္ဒရှင်များအား တစ်ဖက်လှည့်နှင့် ခြိမ်းခြောက်သည် ဟုဆိုကာ SNLD ပါတီက ပြင်ဦးလွင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်ကန့် ကွက်ထားကြောင်း SNLD ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။

“ဒီနေ့ ပြင်ဦးလွင် ရပ်ကွက်ကြီး (၂၀) နောင်ခမ်းကြီးကျေးရွာကို စည်းရုံးရေးဆင်းတော့ ကျွန်တော်တို့ ဆင်းနေတုန်းတော့ ထူးထူးထွေထွေ အနှောင့်အယှက်မရှိပါဘူး။ အဲဒီရွာပြီးအပြန် နောက်တစ်ရွာကူးပြီး နှစ်နာရီလောက်ကြာတော့ အိမ်ရှင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်တယ်။ အဲဒါ သူတို့ကို မထီမဲ့မြင်လုပ်လို့ အိုးစည်ဗုံမောင်းမတီးနဲ့လို့ ပြောတဲ့ကိစ္စကို တီးလို့ဆိုပြီး အရေးဆိုတယ်။ အဲဒါနဲ့ ကျွန်တော်တို့ စုံစမ်းကြည့်တော့ USDP လာတော့လည်း အိုးစည်ဗုံမောင်းတီးတယ်။ NLD လာတော့လည်း အိုးစည်ဗုံမောင်းတီးပြီး ကြိုတယ်။ ကျွန်တော်တို့ လာတော့မှ အဲဒီလို မလုပ်ရဘူးဆိုတော့ နည်းနည်းစိတ်အနှောင့်အယှက် ဖြစ်တယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းနှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နန်းထွေးမှုံတို့ ဦး ဆောင်သော SNLD ပါတီဝင်များ ပါဝင်ခဲ့ကြောင်း သိရသည်။

“ဒီလိုမျိုးလုပ်တာဟာ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်တွေကို တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်တာပဲ။ ဒါ နောင်တစ်ချိန် မဲထည့်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေတယ်။ ဒီဥစ္စာကို ကျွန်တော်တို့ တရားဝင် ကန့်ကွက်ပါတယ်။ မှတ်တမ်းတင်ထားပေးပါလို့တော့ ခရိုင်ကော်မရှင်ကို လှမ်းပြောထားတယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

ကျေးရွာတစ်ရွာအတွင်းသို့ မဲဆွယ်စည်းရုံးရေးဆင်းလာသည့် နိုင်ငံရေးပါတီတစ်ခု အနေဖြင့် မဲဆွယ်စည်းရုံးမည့်အကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးသင့်ပြီး ယခုဖြစ်စဉ်သည် ပါတီက ကြိုတင်အသိမပေးခဲ့ခြင်းကြောင့်ဖြစ်သော်လည်း ဖြစ်စဉ်တွင် မည်သည့်ခြိမ်းခြောက်ခဲ့မှုမျှ မရှိခဲ့ကြောင်း နောင်ခမ်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်က ပြောကြားသည်။

“ကျွန်တော်ဘာမှ မပြောပါဘူး။ ပါတီ လာတယ်ဆိုတာကိုတော့ သိရပါတယ်။ ဒါပေမဲ့ ကျွန်တော်မသိရလို့ ဘယ်သူ့မှ အကြောင်း မကြားဘူးလားလို့ ကျွန်တော်မေးတာပါ။ ပါတီဘက်ကို ပြောတာမဟုတ်ပါဘူး။ ကျွန်တော့် ရွာသားပါ။ ကျွန်တော့်ဆယ်အိမ်မှူးထဲကပါပဲ။ လာပြီးတော့ ဟုတ်တယ်။ ဒီလိုပဲ။ ကျားခေါင်းပါတီဆိုတော့။ အေးဟုတ်ပြီ။ ဒါဆိုရင်တော့ ငါ့ညီရေ မင်းတို့ လာတဲ့အချိန် ကာလလေးနဲ့ ပြန်တဲ့အချိန်ကာလလေး အင်အားဘယ်လောက်လဲ။ ရွာကအင်အား ဘယ်လောက်၊ ဟိုကလာတဲ့အင်အား ဘယ်လောက်။ ဒါလေးကိုတော့ စာရင်းလေးပို့ ပေးပါလို့ ကျွန်တော် အဲဒါတောင်းဆိုတာပဲ ရှိပါတယ်။ ခြိမ်းခြောက်တာ မရှိပါဘူး။ ကျွန်တော်က ဘာလို့ခြိမ်းခြောက်ရမှာလဲ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်က ပြောကြားသည်။

ယခင်က ကျေးရွာသို့ မဲဆွယ်စည်းရုံးရေး ဝင်လာသော နိုင်ငံရေးပါတီများအနေဖြင့် မည်သည့်နေ့ရက်၊ မည်သည့်အချိန်တွင် လာမည်၊ မည်သည့်အချိန် ပြန်ထွက်ခွာမည်၊ အင်အား မည်မျှပါဝင်သည်ဆိုသည့် အကြောင်းအရာများအား ကျေးရွာအုပ်ချုပ်ရေးမှူးသို့ အသိပေးခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် မဲဆွယ်စည်းရုံးကာ ပြီးဆုံးသွားခဲ့ကြောင်း၊ ယခုမူထိုသို့ အသိမပေးခဲ့ကြောင်း ဦးအောင်ဇော်က ရှင်းပြသည်။

“ကျွန်တော်က စိတ်ထဲမှာ ဘာမှမရှိပါဘူး။ ဘယ်ပါတီရယ်လို့ ကျွန်တော့်စိတ်ထဲမှာ အစွဲမထားပါဘူး။ လိုအပ်ရင် ကူညီပေးဖို့ပါပဲ” ဟု ဦးအောင်ဇော်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်သည် နားလည်မှုလွဲကာ သတင်းအချက်အလက်ပေးပို့မှု အားနည်းသည့်အတွက်ကြောင့်ဖြစ်ပြီး မည်သည့်ပြဿနာမျှမရှိကြောင်း ပြင်ဦးလွင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောကြားသည်။

“အဓိက,ကတော့ သူတို့ရောက်တယ်။ ရောက်တဲ့အခါမှာ တချို့ကိစ္စတွေက သက်ဆိုင်ရာသတင်းပို့ဖို့ နည်းနည်းအားနည်းသွားတဲ့ အပိုင်းလေးတွေရှိမှာ။ အဲဒီအတွက်ကို သူတို့ကခေါ်ပြီးတော့ တွေ့တဲ့အခါမျိုးမှာ အဲဒီလိုအခြေအနေမျိုး ဖြစ်တာပါ။ ကျန်တဲ့ကိစ္စတွေက မေးပြီးပါပြီ။ ထွေထွေထူးထူး ဘာမှမရှိပါဘူး။ သီးခြားတင်းမာမှု မရှိပါဘူး။ သူတို့ကလည်း ခွင့်ပြုချက်ယူပြီး ဆောင်ရွက်သွားတာပါ။ ရောက်သွားတဲ့အခါမှာတော့ ရွာမှာရှိနေတဲ့ သက်ဆိုင်ရာအာဏာပိုင်ကိုတော့ နည်းနည်းအသိပေးရမှာပေါ့။ ခွင့်ပြုချက်ကတော့ ကိုယ်ကရပြီးပြီလေ။ အသိလေးပေးရုံပဲ” ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောကြားသည်။