ရန်ပုံငွေ တည်ထောင်မှု အကောင်အထည်ပေါ်လာပါက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ယခုထက်ပိုမို ထိရောက်အောင် လုပ်ဆောင်လာနိုင်မည်ဟု ဆို

ရန်ပုံငွေ တည်ထောင်မှု အကောင်အထည်ပေါ်လာပါက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ယခုထက်ပိုမို ထိရောက်အောင် လုပ်ဆောင်လာနိုင်မည်ဟု ဆို
Published 21 September 2018

ရန်ပုံငွေ တည်ထောင်မှု အကောင်အထည်ပေါ်လာပါက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများအား ယခုထက်ပိုမို ထိရောက်အောင် လုပ်ဆောင်လာနိုင်မည်ဟု ရဲမှူးကြီး ဇော်လင်းထွန်းက စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ မူးယစ်ပြတိုက်တွင် ပြုလုပ်သည့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအချို့၏ ဘတ်ဂျက်ထဲမှ မျှေ၀ သုံးစွဲနေရကြောင်း သိရပြီး ယင်းသို့ သုံးစွဲနေရသဖြင့် အချို့လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အခက်အခဲအချို့ ရှိနေကြောင်း ရဲမှူးကြီး ဇော်လင်းထွန်းက ပြောကြားသည်။

“မူးယစ်ဗဟိုအဖွဲ့တော့ ဖွဲ့ထားတယ်။ ၁၉၉၃ ခုနှစ် ဥပပဒေမှာ ရန်ပုံငွေ ထူထောင်ခွင့် ပြဋ္ဌာန်းချက် မပါဘူး။ မပါတဲ့အတွက် ဥပဒေကို ပြန်ဆွဲပါတယ်။ ရေးဆွဲထားတဲ့ ရန်ပုံငွေ ဥပဒေကို ၂၀၁၈ ဖေဖော်ဝါရီလကတည်းက အတည်ပြုပြီးပါပြီ။ နည်းဥပဒေကတော့ ဆွဲနေတုန်းပါပဲ။ ခြောက်လအတွင်း အပြီးဆွဲမှာပါ။ ၂၀၁၉ နှစ်စပိုင်းလောက် ဆိုရင်ပြီးပါပြီ။ အရင်က မူးယစ်အဖွဲ့က ရန်ပုံငွေ မရှိပါဘူး။ မူးယစ် တားဆီးနှိမ်နင်းရေးအတွက်က ပြည်ထဲရေး ဘတ်ဂျက်။ ကျန်းမာရေးနဲ့ ဆေးကုသရေးအတွက်က ကျန်းမာရေးဝန်ကြီးဌာန ဘတ်ဂျက်။ ကျောင်းသားတွေကို အသိပညာပေးဖို့ဆိုရင် ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်ပေါ့။ စတဲ့ ဘတ်ဂျက်တွေကနေ ယူပြီး သုံးစွဲရပါတယ်။ ရန်ပုံငွေရှိပြီဆိုရင် ဝန်ကြီးဌာန ဘတ်ဂျက်နဲ့ မလုပ်နိုင်တဲ့တချို့ Operation တွေကို လုပ်နိုင်လာပါမယ်။ လုပ်ငန်းတွေ လက်ရှိထက်ပိုပြီး အောင်မြင်လာပါမယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေမှာ ဆုပေးဒဏ်ပေး စနစ်တွေလည်း လုပ်ဆောင်လာနိုင်ပါမယ်။ ရန်ပုံငွေ ရှိပြီဆိုရင် စုံစမ်းဖမ်းဆီးရေးမှာလည်း ပိုပြီးတော့ ထိရောက်လာပါမယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို) စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ပြောကြားသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီဆိုပါက ဆက်စပ် သိမ်းဆည်းရမိသည့် ငွေကြေးများ၊ တိုက်ခန်း နေအိမ်များကို နိုင်ငံတော်ဘဏ္ဍာအဖြစ် အစိုးရအဖွဲ့ထံ အပ်နှံပေးရကြောင်း သိရသည်။

၂၀၁၉ နှစ်စပိုင်းတွင် ရန်ပုံငွေ တည်ထောင်ရေး နည်းဥပဒေရေးဆွဲ အတည်ပြုပြီးပါက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ နိုင်ငံတော်ဘဏ္ဍာအဖြစ် အပ်နှံပေးထားမှုမှ အချို့ကို နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ရန်ပုံငွေအဖြစ် ပြန်လည်ချပေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက်တာဝန်ယူသည့် မူးယစ် အထူးသတင်းတိုင်ကြားရေးဌာနသို့ ပြည်သူများက သတင်းပေးပို့ ကူညီနေသော်လည်း ထုနှင့်ထည်နှင့် ပမာဏကြီးမားသည့် မူးယစ်သတင်းရရှိမှု၊ ဖမ်းဆီးရမိမှု နည်းပါးနေဆဲဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားထားသည်။