ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် လာမည့် နှစ်နှစ်အတွင်း တည်ဆောက်မည်

ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် လာမည့် နှစ်နှစ်အတွင်း တည်ဆောက်မည်
Published 21 September 2018

မန္တလေးမြို့တွင် တည်ဆောက် ပြီးစီးနေပြီဖြစ်သည့် တန်ဖိုးမျှတ အိမ်ရာများကို တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)

လာမည့် နှစ်နှစ်အတွင်း ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် တည်ဆောက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး၂၃ ရက်မြောက်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြို့ပြနှင့်အိမ်ရာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လာမည့် သုံးနှစ်အတွင်း ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် မြို့ပြစီမံကိန်းနှင့် စက်မှုမြို့တော်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ စီမံကိန်းကြီးများတွင် ဝင်ရောက် လုပ်ကိုင်ခြင်းဖြင့် စီးပွားရေး လည်ပတ်မှုကို သွက်လက်လာစေမည်ဟု မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။

“ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ ပြည်သူ့အိမ်ရာနဲ့ ဝန်ထမ်းအိမ်ရာများ အနေနဲ့ အခန်းပေါင်း ၁၀၉၂၄ ခန်း ဆောင်ရွက်ခဲ့ရာမှာ ရာနှုန်းပြည့် ပြီးစီးပြီး အခန်းပေါင်း ၅၇၄၈ ခန်း၊ ရာခိုင်နှုန်း ၇၀ ပြီးစီးခဲ့ပြီး အခန်းပေါင်း ၅၁၇၆ ခန်း ရှိနေပြီ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အခန်းတွေ ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်သလို ဆက်လက်ပြီးလည်း နှစ်နှစ်ခွဲတာ ကာလအတွင်းမှာ PPP စနစ်နဲ့ အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီတွေအနေနဲ့အခန်း ၆၀၀၀ ကျော် စုစုပေါင်း အခန်းပေါင်း တစ်သောင်းကျော် ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတ အိမ်ရာများကို နှစ်ရှည် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို အိမ်ရာ စုဆောင်းငွေစာရင်းကို ကျပ် ၁၀,၀၀၀ နှင့် စတင်၍ ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် CHID ဘဏ်တွင် စုဆောင်းထားရမည် ဖြစ်သည်။