ဘင်္ဂါလီများအား ကမန်တိုင်းရင်းသား အမည်ဖြင့် မှတ်ပုံတင် ထုတ်ပေးခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဘင်္ဂါလီများအား ကမန်တိုင်းရင်းသား အမည်ဖြင့် မှတ်ပုံတင် ထုတ်ပေးခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 21 September 2018

ဘင်္ဂါလီများအား ကမန်တိုင်းရင်းသား အမည်ဖြင့် မှတ်ပုံတင် ထုတ်ပေးခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စုမှ ဘင်္ဂါလီများအား ကမန်အမည်ဖြင့် မှတ်ပုံတင်ကတ်ပြား ၃၃၀၆ ကတ် ထုတ်ပေးထားသည့်ကိစ္စ ပြန်လည် ဆန်းစစ်ရန်နှင့် လူမျိုးအမည် မှားယွင်းစွာ ဖော်ပြထားသည့် ကတ်များကို ပြန်လည် ရုပ်သိမ်းပေးရန် ရခိုင်ပြည်နယ် အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုထားသည်။

ယင်းအဆို တင်သွင်းခြင်းနှင့်ပတ်သက်၍ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် အလုပ်အကိုင်အခွင့်အလမ်း၊ အနည်းဆုံး အခကြေးငွေ နှင့် လုပ်သားဈေးကွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “အဲဒီ တိုင်းရင်းသားတွေကို ဒါ စနစ်တကျ စိစစ်ပြီးတော့မှ ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ ကမန်တိုင်းရင်းသားပါတီက ကမန်လူမျိုး မဟုတ်ဘူးလို့ ကန့်ကွက်နေတာ ရှိပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ဒါအသေးစိတ် ပြန်လည် စိစစ်ပြီးတော့မှ ဥပဒေနဲ့အညီ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်းကို ပြန်လည်ပြီးတော့မှ ရှင်းလင်း တင်ပြမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကမန်တိုင်းရင်းသား အမည်ဖြင့် မှတ်ပုံတင် ထုတ်ပေးခြင်းသည် ၁၉၈၂ ခုနှစ် ဥပဒေနှင့်အညီ စိစစ်၍ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ကမန်တိုင်းရင်းသား အများစုသည် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် စစ်တွေတို့တွင် နေထိုင်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ ထပ်ပြီးတော့လည်း စိစစ်မှာ ဖြစ်ပါတယ်။ တွေ့ရှိတယ် ဆိုရင်လည်း တွေ့ရှိတဲ့ အနေအထားလေးကို ဒါပြန်လည် ပြီးတော့မှ လိုအပ်သလို ပြုပြင်၊ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

Most Read

Most Recent