ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု ပထမအဆင့် စီမံကိန်းဖြစ်သည့် အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်း ပြုပြင်မှု စက်တင်ဘာကုန်တွင် ပြီးစီးမည်

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု ပထမအဆင့် စီမံကိန်းဖြစ်သည့် အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်း ပြုပြင်မှု စက်တင်ဘာကုန်တွင် ပြီးစီးမည်
Published 19 September 2018

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော မြို့ပတ်ရထားအား ဘုရားလမ်းဘူတာတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု ပထမအဆင့် စီမံကိန်းတွင် ပါဝင်သည့် အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်း ပြုပြင်မှု စက်တင်ဘာကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သတင်းရရှိသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား မြို့အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြား ပြုပြင်ရန် စီစဉ်ထားပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အနောက်ဘက်ခြမ်း အဆင့်မြှင့်တင်ခြင်းအား စတင်ခဲ့ခြင်းဖြစ်သည်။

အဆင့်မြှင့်တင်သွားမည် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်း၏ အနောက်ခြမ်းတွင် တညင်းကုန်-အင်းစိန်၊ အင်းစိန်-ကြည့်မြင်တိုင်နှင့် ကြည့်မြင့်တိုင်-ဘုရားလမ်းဟူ၍ ရထားလမ်းပိုင်း သုံးပိုင်းခွဲခြား ဆောင်ရွက်သွားမည် ဖြစ်သည်။ အရှေ့ခြမ်းတွင် တညင်းကုန်-ပုရွက်ဆိတ်ကုန်း၊ ပုရွက်ဆိတ်ကုန်း-ပုစွန်တောင်ဟူ၍ နှစ်ပိုင်းခွဲခြား ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏ အနောက်ခြမ်း ပြုပြင်မှုများကို အေဝမ်းကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏ အနောက်ခြမ်း အဆင့်မြှင့်တင်မှုတွင် အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်း၏ လက်ဝဲရစ်လမ်းပိုင်း ပြုပြင်မှုများမှာ ယခုလကုန်တွင် ပြီးစီးမည်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှ စတင်ကာ လက်ယာရစ်လမ်းပိုင်း ပြုပြင်မှုများကို စတင်သွားမည်ဟု သိရသည်။

ယခင်က ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို မြို့အရှေ့ခြမ်း ရထားလမ်းပိုင်းအား စတင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း တင်ဒါအောင်မြင်သည့် ပထမကုမ္ပဏီမှ နောက်ဆုတ်သွားခဲ့သဖြင့် ဒုတိယလျာထား ကုမ္ပဏီဖြစ်သည့် ရွှေ တောင်ကုမ္ပဏီအား ပြန်လည်ရွေးချယ် နေရခြင်းကြောင့် အနောက်ဘက်ခြမ်း အဆင့်မြှင့်တင်မှုအား စတင်ခဲ့ခြင်းဖြစ်သည်။

“ကနဦးက မိုးရာသီကာလမှာ ပြုပြင်မှုတွေကို ရပ်နားဖို့ စီစဉ်ထားပေမယ့် လမ်းပိုင်းပြုပြင်မှုတွေ လုပ်တဲ့အခါမှာ နှောင့်နှေးမှုတွေ ရှိခဲ့တော့ မနားခဲ့ဘဲ ဆက်တိုက်ဆောင်ရွက် ခဲ့တာပါ။ အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်းရဲ့ လက်ဝဲရစ်လမ်းပိုင်း ပြုပြင်မှုတွေက အခုလကုန်မှာ ပြီးစီးမှာဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာစပြီး  လက်ယာရစ်လမ်းပိုင်း ပြုပြင်မှုတွေကို စတင်သွားမှာဖြစ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လအတွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၁၉၅၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းသည် နှစ်ပေါင်း ၆၀ ခန့် သက်တမ်းရှိပြီ ဖြစ်သော်လည်း လမ်းပိုင်းအကြီးစားပြုပြင်ခြင်း လုပ်ငန်းကို ယခုနှစ်တွင်မှ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလမ်းပိုင်းကို ဂျပန်အစိုးရချေးငွေ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်နှင့် နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉၄ သန်းကျော်ဖြင့် အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိမြို့ပတ်ရထား လမ်းပိုင်းသည် ၂၉ မိုင်ခန့်ရှည်လျားပြီး မြို့တစ်ပတ်ခုတ်မောင်းချိန် အနေဖြင့် ၂ နာရီနှင့် မိနစ် ၅၀ ကြာမြင့်ကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ပြီးစီးပါက မြို့တစ်ပတ် ခုတ်မောင်းချိန် ၁ နာရီ မိနစ် ၅၀ ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့ပတ်ရထားစီးနင်းသူ အနေဖြင့် လက်ရှိတွင် တစ်ရက်လျှင် လူဦးရေ ကိုးသောင်းခန့်ရှိရာမှ စီမံကိန်းပြီးစီးသည့် ၂၀၁၉ နှစ်ကုန်းပိုင်း၌ တစ်ရက်လျှင် သုံးသိန်းခန့် ရှိလာနိုင်မည်ဟု သိရသည်။