မောင်တောမြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော် ပျောက်ဆုံးနေကြောင်း သိရ

မောင်တောမြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော် ပျောက်ဆုံးနေကြောင်း သိရ
Published 31 August 2017

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ရာနှင့်ချီပြီး ပျောက်ဆုံးနေကြောင်းနှင့် အချို့အား သတ်ဖြတ်လိုက်ပြီဟု သုံးသပ်ကြောင်း မောင်တောမှ ဟိန္ဒူဘာသာဝင်များက ပြောဆိုကြသည်။

မောင်တောမြို့နယ် သစ်တုံးနာခွဆုံအိုးထိန်းရွာမှ အိမ်ခြေ ၇၀ ကျော်တွင်ရှိသော လူပေါင်း ၄၀၀ ကျော်တို့အား သြဂုတ်လ ၂၅ ရက်နေ့က ဆက်သွယ်၍ ရရှိခဲ့ပြီးနောက် ၂၇ ရက်နေ့တွင် ထွက်ပြေးနေကြပြီဖြစ်ကြောင်း ဖုန်းဖြင့်ဆက်သွယ် ပြောကြားခဲ့သော်လည်း မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ဆက်သွယ်၍ မရနိုင်တော့ကြောင်းနှင့် အနီးအနားရှိ တိုင်းရင်းသား ကျေးရွာများတွင် ရောက်ရှိသည်ကို မတွေ့ရှိရကြောင်းလည်း သိရသည်။

"အစောတုန်းကတော့ ဆက်သွယ်လို့ရတယ်။ သစ်တုံးနားခွဆုံမှာ မြေအိုးလုပ်တဲ့ ဟိန္ဒူရွာ နှစ်ရွာရှိတယ်။ အဲဒီမှာ အိမ်ခြေ ၇၀ ကျော်ရှိပြီး လူပေါင်း ၄၀၀ ကျော်ရှိတယ်။ အခုသူတို့ကို ဆက်သွယ်လို့ မရတော့ဘူး။ ထွက်ပြေးနေရပြီ ဆိုတာကိုသာ အဆက်အသွယ် ရခဲ့ပေမယ့် ဘယ်နေရာကို သွားနေတယ် ဆိုတာကိုလည်း မသိရဘူး။ အခုဆိုရင် သူတို့ဟာ တိုင်းရင်းသား ကျေးရွာတွေဆီကိုလည်း မရောက်တဲ့အတွက် စိုးရိမ်မိပါတယ်။ သူတို့တော့ထဲမှာ ပုန်းအောင်နေသလား၊ ဒါမှမဟုတ် အသတ်ခံလိုက်ရတာလား ဆိုတာကို ပြောဖို့ခက်ပါတယ်" ဟုလည်း အမည်မဖော်လိုသူ မောင်တောမြို့မှ ဟိန္ဒူဘာသာဝင် တစ်ဦးက ပြောကြားခဲ့ပါသည်။

ထို့အပြင် သစ်တုံးနားခွဆုံကျေးရွာ အုပ်စုတွင် ဟိန္ဒူဘာသာဝင်များနှင့် အနီးတွင် မာရမာကြီး တိုင်းရင်းသားအိမ် လေးငါးအိမ်ခန့်ရှိခဲ့ပြီး ယင်းတို့မှာလည်း သတင်းအဆက်အသွယ်မရ ဖြစ်နေကြောင်း၊ အနီးရှိ ရွာများဖြစ်သည့် တမန်းသား၊ မင်းခမောင်းနှင့် ငရန့်ချောင်း စခန်းများသို့လည်း ရောက်ရှိခြင်း မရှိသည့်အတွက် အထူးစိုးရိမ်မိကြောင်း၊ အလားတူစွာပင် ခမောင်းဆိပ် အုပ်စုတွင်လည်း ဟိန္ဒူဘာသာဝင်နေအိမ် ၈ အိမ်ခန့်မှ ဟိန္ဒူဘာသာဝင်များ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

"တစ်ဘက်ကလည်းလည်း တွေးမိတာရှိတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ထွက်ပြေးသွားနိုင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ်က လက်ခံမှာလည်း မဟုတ်ဘူး။ နောက်တစ်ခုက ခမောင်းဆိပ် တောင်ရွာမှာ ဟိန္ဒူဘာသာဝင် ၁၀ အိမ်လောက်ရှိတယ်။ ရဲဘော်ကျမှာလည်း လေးငါးအိမ်ရှိတယ်။ အဲဒီအိမ်တွေကလူတွေရဲ့ သတင်းကတော့ အစနတောင် ရှာမရဘူး။ ဘာသတင်းမှာလည်း မကြားဘူး။ မင်းခမောင်းကိုလည်း မရောက်ဘူးဆိုတော့ စိုးရိမ်မိပါတယ်" ဟုလည်း ပြောကြားခဲ့ပါသည်။

ရဲဘော်ကျရွာမှ ဟိန္ဒူဘာသာဝင် လေး ငါးအိမ်ခန့်မှ ဟိန္ဒူဘာသာဝင်များအား သတ်ဖြတ်လိုက်ပြီဟုလည်း သတင်းများကြားကို ကြားရသော်လည်း အတိကျပြောရန် ခက်ခဲကြောင်း၊ တစ်ချို့သော ဟိန္ဒူဘာသာဝင် အမျိုးသမီးများကို ဖမ်းဆီးပြီး သားမယားပြုကျင့် နေကြတယ်လို့လည်း အရပ်ဘက်သတင်းများမှာ ပြောဆိုနေကြသည့်တိုင် အတည်ပြုရန် ခက်ခဲကြောင်းနှင့် သွားရောက်ရှာဖွေရန်အတွက် လုံခြုံရေး အခြေအနေအရ မဖြစ်နိုင်သေးကြောင်းလည်း ၎င်းကပြောကြားခဲ့ပါသည်။

"နောက်တစ်ခုက ရိုနယ်စန်းလွင်ဆိုတဲ့ အကောင့်မှာ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၆ ယောက်ရဲ့ အင်တာဗျူး တစ်ခုကိုတွေ့တယ်။ အဲဒီအင်တာဗျူးဟာ ရဲဘော်ကျရွာက ကျွန်တော်တို့ရဲ့အသိ ဟိန္ဒူဘာသာဝင် မိန်ကလေးတွေပါ။ အဲဒီမှာ ရခိုင်တိုင်းရင်းသားတွေ တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ သူတို့ကို မောင်တောမြောက်ပိုင်းမှာ ဖမ်းထားတာ ဖြစ်နိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာ မဖြစ်နိုင်ဘူး၊ နောက်ပြီး အဲဒီမိန်ကလေးတွေရဲ့ ဆွေမျိုးတွေကို သတ်လိုက်ကြတာ ဖြစ်နိုင်ပါတယ်၊ အဲဒီမိန့်ကလေးတွေက သူတို့ခိုင်းသလို မလုပ်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့တွက် လုပ်ဆောင်ရတာ ဖြစ်ပါလိမ့်မယ်" ဟုလည်း အဆိုပါ အမည်မဖော်လိုသူက ပြောကြားခဲ့ပါသည်။