ကျောက်ဖြူလေဆိပ်တွင် လေယာဉ်များ ဆီဖြည့်ရန် လေယာဉ်ဆီ သိုလှောင်စခန်း စတင်ဖွင့်လှစ်

ကျောက်ဖြူလေဆိပ်တွင် လေယာဉ်များ ဆီဖြည့်ရန် လေယာဉ်ဆီ သိုလှောင်စခန်း စတင်ဖွင့်လှစ်
Published 16 September 2018

ကျောက်ဖြူလေဆိပ်တွင် လေယာဉ်ဆီ ဖြည့်နေသည်ကို တွေ့ရစဉ်

ကျောက်ဖြူလေဆိပ်တွင် လေယာဉ်ဆီ ဖြည့်တင်းနိုင်ရန် လေယာဉ်ဆီ သိုလှောင်စခန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပြည်တွင်းလေဆိပ်များတွင် လေယာဉ်ဆီဖြည့်တင်းမှု ဝန်ဆောင်မှု ပေးလျက်ရှိသည့် National Energy Puma Aviation Services (NEPAS) သည် ကျောက်ဖြူလေဆိပ်တွင် လေယာဉ်များ ဆီဖြည့်တင်းနိုင်ရေးအတွက် လေယာဉ်ဆီ သိုလှောင်စခန်း အသစ်တစ်ခုကို ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်များ၏ လေယာဉ်ဆီဖြည့်တင်းမှုကို စက်တင်ဘာ ၁၂ ရက်မှစတင်ကာ လက်ခံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

“ကျောက်ဖြူလေဆိပ်မှာ လေယာဉ်ဆီ ဖြည့်တင်းနိုင်ဖို့အတွက် လေယာဉ်ဆီ သိုလှောင်စခန်းသစ်ကို စက်တင်ဘာ ၁ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ လေယာဉ်ဆီ ဖြည့်တင်းမှုတွေကိုတော့ စက်တင်ဘာ ၁၂  မှာ စတင်လက်ခံ ဆောင်ရွက်ပေးခဲ့ပါတယ်။ ပထမဆုံး လေယာဉ်ဆီဖြည့်တဲ့ ဝန်ဆောင်မှုပေးခဲ့တဲ့ လေယာဉ်က  မြန်မာအမျိုးသား လေကြောင်းလိုင်းက အေတီအာရ် လေယာဉ်ပဲ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

သီလဝါဆိပ်ကမ်းရှိ Puma Energy Asia Sun Company က တည်ဆောက်ထားသည့် ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းတင်ချ ဆိပ်ခံတံတားကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

သီလဝါဆိပ်ကမ်းဒေသရှိ မြေ ၃၇ ဧကတွင် ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အထောက်အကူပြု အဆောက်အအုံများကို Puma Energy Asia Sun Company မှ BOT စနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သီလဝါဆိပ်ကမ်းဒေသရှိ မြေကွက် အမှတ် ၃ ရှိ ဧရိယာ ၃၇ ဒသမ ၀၆ ဧကပေါ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း အကုန်ကျခံကာ ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အထောက်အကူပြု အဆောက်အအုံများ တည်ဆောက်မည်ဖြစ်သည်။

Puma Energy Asia Sun Company အနေဖြင့် သီလဝါဆိပ်ကမ်း ဒေသရှိ မြေကွက်အမှတ် ၃ အား ငှားရမ်းခြင်း အတွက် မြေအသုံးချမှု ပရီမီယံကြေးအဖြစ် မြေတစ်စတုရန်း မီတာလျှင် အမေရိကန် ဒေါ်လာ  ၆ ဒသမ ၆၆၇ နှုန်း၊ နှစ်စဉ်မြေငှားရမ်းခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၆၀၀၀၀၀၀ (မြေတစ်စတုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၆၇ နှုန်း) ဖြင့်  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံ ပေးသွင်းရမည်ဖြစ်သည်။

Puma Energy Asia Sun Company အား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ကာလ၊ မြေငှားကာလကို ကနဦး နှစ် ၅၀ နှင့် နောက်ထပ် သက်တမ်း တစ်ကြိမ်လျှင် ၁၀ နှစ်နှင့် သက်တမ်း နှစ်ကြိမ် တိုးမြှင့်သည့် စနစ်ဖြင့် စုစုပေါင်း နှစ် ၇၀ လုပ်ငန်း ဆောင်ရွက်ခွင့် ပြုမည်ဟု သိရသည်။

Most Recent