နာရီပိုင်းခန့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံ

နာရီပိုင်းခန့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံ
Published 16 September 2018

စက်တင်ဘာ ၁၅ ရက်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

နာရီပိုင်းခန့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် စမ်းချောင်း၊ ဗဟန်းအပါအဝင် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စမ်းချောင်းမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းအား ဗဟိုလမ်း ဗားကရာပွိုင့်ထောင့်မှ ရှင်စောပု လမ်းထောင့်အထိ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ခဲ့သဖြင့် အဆိုပါလမ်းဘေးရှိ နေအိမ်များနှင့် ဆိုင်ခန်းများအတွင်း ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“အရင်တုန်းကလည်း မိုးအရမ်းရွာတဲ့အခါ အခုလိုပဲ ရေကြီးပေမယ့် မိုးတိတ်တာနဲ့ ပြန်ကျတယ်။ အခုက လမ်းတွေကို ခင်းတော့ မြင့်တဲ့နေရာကမြင့်ပြီး နိမ့်တဲ့နေရာက နိမ့်နေတော့ နိမ့်တဲ့နေရာမှာဆို ရေက တော်တော်နဲ့မကျပါဘူး။ မနေ့ကဆို ကားတွေမြုပ်တာတွေတောင် ရှိပါတယ်။ ဆိုင်လည်း မနေ့ က တစ်ဝက်လောက်ထိ မြုပ်လာလို့ ပိတ်လိုက်ရပါတယ်။ ဒီနားပတ်ဝန်းကျင်က ဆိုင်အတော်များများလည်း ပိတ်လိုက်ရပြီး အိမ် တွေထဲထိတောင် ရေဝင်တာတွေ ရှိပါတယ်” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ဈေးရောင်းချသူတစ်ဦးကပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်က မိုးရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်တွင် ရေလျှံမှု အဓိက ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စမ်းချောင်းမြို့နယ် ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်နှင့် မြေနီကုန်းတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

ယင်းသို့ ရေကြီးရေလျှံမှုများကြောင့် Hotel Azure  နှင့် ပန်းခြံတာဝါများရှိ ကားပါကင်များထဲသို့ ရေများစီးဝင်ပြီး ကားပါကင်ရှိကားအချို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။