မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအုပ်စုရှိ လင်းမြွေ တောင်တန်းမှ တရားမဝင် ကျောက်ထုတ်လုပ်နေမှုကို သက်ဆိုင်ရာက တားမြစ်

မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအုပ်စုရှိ လင်းမြွေ တောင်တန်းမှ တရားမဝင် ကျောက်ထုတ်လုပ်နေမှုကို သက်ဆိုင်ရာက တားမြစ်
Published 16 September 2018

မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအုပ်စုရှိ လင်းမြွေ တောင်တန်းမှ တရားမဝင် ကျောက်ထုတ်လုပ်နေသည်ကို တွေ့ရစဉ်

မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာ အုပ်စုရှိ လင်းမြွေ တောင်တန်းမှ တရားမဝင် ကျောက်ထုတ်လုပ်နေမှုကို ချက်ချင်းရပ်ဆိုင်းရန် မြို့နယ်အုပ်ချုပ်ရေးမှူးက စာထုတ်ထားကြောင်း သိရသည်။

လင်းမြွေ တောင်တန်းမှ ကျောက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စက်တင်ဘာ ၁၁ ရက်က စာထုတ် ပြန်ခဲ့ပြီး ထိပ်ဝပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁၃ ရက်တွင် ထပ်မံစာထုတ် ပြန်သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လင်းမြွေ တောင်တန်းမှ တရားမဝင် ကျောက်ထုတ်လုပ်နေမှု ရပ်ဆိုင်းရန် စာထုတ်ထားသော်လည်း ကျောက်ထုတ်ယူမှုများ ဆက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ လင်းမြွေ တောင်တန်းတစ်လျှောက်တွင် ကျောက်ထုတ်လုပ်နေသည့် လုပ်ငန်းခွင်ပေါင်း ၄၀ ကျော်ရှိပြီး တစ်နေ့လျှင် ကျောက်ကားအစီးရေ ၆၀ ကျော်ဖြင့် ပုံမှန်ထုတ်လုပ်လျက်ရှိကြောင်း၊ ကျောက်ထုတ် လုပ်မှုမြင့်တက်လာသည့်အတွက် တောင်တန်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံကျေးရွာသားများက လင်း မြွေတောင်တန်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

မြောက်ဦးမြို့၏ မြောက်ဘက် ၁၇ မိုင် ခန့်အကွာရှိ လင်းမြွေတောင်တန်းကို ဖြိုဖျက်ပြီး ကျောက်ထုတ်လုပ်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်း နှင့် ယဉ်ကျေးမှုအမွေအနှစ် ပျောက်ပျက်သွား နိုင်သဖြင့် ကျောက်ထုတ်နေမှု ရပ်တန့်ပေးရေး ထိပ်ဝပြင်ကျေးရွာဒေသခံများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ သြဂုတ် ၁၃ ရက်က တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်နှင့်ပတ်သက်၍ သြဂုတ် ၁၇ ရက်က ပြုလုပ်သည့် ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏အစည်းအဝေးမှ 'ကျောက်ထုတ်လုပ်မှုကို ချက်ချင်းရပ်ဆိုင်းထားရန်နှင့် မည်သူ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည်ကို ပြန်လည်စိစစ်တင်ပြရန်' ဆုံးဖြတ်လမ်းညွှန်သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်စာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ လင်းမြွေတောင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီမှ ဦးကျော်တင်ဝင်းက “အခုလိုမျိုး ကျောက်ထုတ်လုပ်နေတာဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ တွေနဲ့လည်း မညီဘူးဆိုတာကို သိရတယ်။ ဒီတောင်တန်းဟာ ဆင်းရဲနွမ်းပါးသူတွေအတွက် အရေးပါတဲ့တောင်တစ်ခုဖြစ်တယ်။ သရီချောင်း၊ ခခတ်ပြင်ရွာသစ်၊ ခခတ်ပြင်ရွာဟောင်း၊ စဖိုတန်း၊ လုပ်ချောင်း၊ စိုင်ခြုံ၊ လျှာ ရှည်ပြင်၊ ရှောက်ပင်ကွင်း၊ ကျီရာပြင်၊ တောင်ဦး အစရှိတဲ့ ကျေးရွာပေါင်းများစွာကလည်း ဒီတောင်တွေကို မှီခိုလုပ်ကိုင်စားသောက်ရတာတွေ ရှိပါတယ်။ ဒီတောင်ကို ဖြိုဖျက်လိုက်မယ်ဆိုရင် ဒေသခံရွာပေါင်းများစွာက လူတွေ စားသောက်ရေး ခက်ခဲသွားနိုင်ပါတယ်။ ရွာတွေမှာရှိတဲ့ ကျွဲ၊ နွားတွေလည်း စားသောက်ဖို့ ကွင်းပျောက်သွားနိုင်ပါတယ်။ အခုဆိုရင် စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်နေမှုတွေဟာ ဒေသခံပြည်သူတွေအတွက် အများကြီးထိခိုက်ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာဖြစ်ပါတယ်။ အဲဒါကြောင့် တားမြစ်ရတာ ဖြစ်ပါတယ်“ ဟု ပြောကြားသည်။

တောင်တန်းသည် မြောက်ဦး၏မြောက်ဘက် ၁၇ မိုင်ခန့်ဝေးသော နေရာတွင် တည်ရှိပြီး ထိပ်ဝပြင်ကျေးရွာ၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိကာ မြောက်မှတောင်သို့ လေးမိုင်ခန့်ရှည်လျားကြောင်း၊ ထိပ်ဝပြင်ကျေးရွာ တွင် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

ယင်းတောင်တန်းကိုအမှီပြုပြီး ကျွဲ၊ နွားများ စားကျက်မြေနှင့် ကျေးရွာသားများ မှီခိုအားထားနေရသော တောင်တစ်ခုဖြစ်ကြောင်း၊ နွေရာသီရေရှားပါးချိန်တွင် ယင်းတောင်မှ စိမ့်စမ်းရေကို ရယူနိုင်သဖြင့် အ သုံးဝင်သော တောင်တစ်ခုဖြစ်ကြောင်းနှင့် ရှေးဟောင်း သမိုင်းအမွေအနှစ်များ တည်ရှိရာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent