ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ပုဒ်မ ၁၂၂၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲချက်တင်အမိန့်ချမှတ်ခြင်းအပေါ် ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုလျှောက်ထားမည်ဟုဆို

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ပုဒ်မ ၁၂၂၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲချက်တင်အမိန့်ချမှတ်ခြင်းအပေါ် ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုလျှောက်ထားမည်ဟုဆို
Published 15 September 2018

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စာပေဟောပြောပွဲတွင် ဟောပြောမှုနှင့်ပတ်သက် ပြီး ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင် အောင်တို့အမှုတွင် ပုဒ်မတစ်ခု လွတ်မြောက် ပြီး ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ရန် စစ်တွေခရိုင် တရားရုံးက စက်တင်ဘာ ၁၀ ရက်က ဆုံးဖြတ် ခဲ့ခြင်းအပေါ် ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှု လျှောက်ထားမည်ဖြစ်ကြောင်း ရှေ့ နေများထံမှ သိရသည်။

ယင်းအမှုတွင် ပုဒ်မ ၁၇ (၁) အား အပြီးသတ်လွတ်မြောက်ခွင့်ရခဲ့ပြီး အမြင့်ဆုံးပြစ် ဒဏ် သေဒဏ်အထိချမှတ်နိုင်သည့် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ပြီး နောက်လာမည့် စက်တင်ဘာ ၂၄ ရက်တွင် ဒေါက်တာအေးမောင်တို့အား ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ရှေ့နေများထံမှ သိရသည်။

သို့သော်လည်း ပြင်ဆင်မှုလျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော်မှ လက်ခံပါက စစ်ဆေးမည်မဟုတ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်အမှုအား လိုက်ပါဆောင်ရွက်ပေးသော  ရှေ့နေ ဦးကျော်ညွန့်မောင်က “၁၂၂(၁)၊ ၅၀၅ (ခ)တို့နဲ့ စွဲချက်တင်တယ်။ ၁၇ (၁) ကိုတော့ စွဲချက်မတင်ဘဲ လွှတ်တယ်ပေါ့။ ဒီ ၁၂၂(၁)ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိရှိတယ်။ ဒီလိုစွဲချက်အမိန့်ဟာ ကျွန်တော်တို့ဘက်က အမြင်ကတော့ စွဲချက်မတင်သင့်ဘူး လို့မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်မှု လျှောက်ထားမယ်။ ပြည်နယ်က လက်ခံရင်တော့ ခရိုင်မှာ ဆက်မစစ်တော့ဘူးပေါ့။ မဟုတ်ရင် ၂၄ ရက်နေ့ ဆက်စစ်ရမယ်။ တကယ်တော့ ဒေါက်တာအေးမောင်က နိုင်ငံရေးသမားလည်းဖြစ် တယ်။ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တယ်။ ငြိမ်းချမ်းရေးညီလာခံမှာလည်း တက်ရောက်နေသူတစ်ဦးဖြစ်တယ်။ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တယ်ဆိုတော့ အခုပင်လုံမှာ သွားနေကြတာလည်း ဖက်ဒရယ်ကိုသွားနေကြတာဖြစ်တယ်။ ဒေါက်တာအေးမောင်ပြောခဲ့တာလည်း ဖက်ဒရယ်အကြောင်း ပြောခဲ့တာဖြစ်တယ်။ နိုင်ငံရေးသမားက နိုင်ငံရေးစကားပြောတာကို ဆူပူအုံကြွအောင် လုပ်တယ်လို့ဆိုရင်တော့ ဥပဒေအရ မညီလို့ပြောရမှာဖြစ်တယ်”ဟု ပြောကြားသည်။