ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၆၁ ကျပ်သို့ ပြန်လည်ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၆၁ ကျပ်သို့ ပြန်လည်ကျဆင်း
Published 14 September 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

စက်တင်ဘာ ၁၃ ရက်မွန်းလွဲပိုင်းတွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့် ဝန်းကျင်ဖြစ်ပေါ်နေပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၆၁ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးသည် ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ထိုင်းဘတ်၊ တရုတ် ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့် ငွေကြေးများနှင့်နှိုင်းယှဉ်ပါက ဆက်လက် အားပျော့နေဆဲဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး စံချိန်တင်ဈေးနှုန်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် အမြင့်ဆုံး စံချိန်တင်ထားသည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။ စက်တင်ဘာ ၁၃ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၅၄၇ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်ဈေးနှုန်းထက် ၅ ကျပ် မြှင့်တင်သတ်မှတ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း စက်တင်ဘာ ၁၃ ရက်တွင် အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းများမှာ ယူရို ၁၇၉၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၂၇ ကျပ်၊ မလေးရှားရင်း ဂစ် ၃၇၃ ကျပ်၊ ထိုင်းဘတ် ၄၇ ဒသမ ၅၀ ကျပ်၊ တရုတ်ယွမ် ၂၂၈ ကျပ် ဖြစ်ပေါ်နေသည်။