လွှတ်တော် ကိုယ်စားလှယ်များကို မိဘမဲ့ကလေးများကဲ့သို့ စည်ပင် တည်းခိုဆောင်တွင် အခန်းငှားဘဝဖြင့် ရေရှည် အပ်နှံမထားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

လွှတ်တော် ကိုယ်စားလှယ်များကို မိဘမဲ့ကလေးများကဲ့သို့ စည်ပင် တည်းခိုဆောင်တွင် အခန်းငှားဘဝဖြင့် ရေရှည် အပ်နှံမထားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 13 September 2018

စက်တင်ဘာ ၄ ရက်က လွှတ်တော်အစည်းအဝေး တက်ရောက်လာသည့် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

လွှတ်တော် ကိုယ်စားလှယ်များကို မိဘမဲ့ကလေးများကဲ့သို့ စည်ပင် တည်းခိုဆောင်တွင် အခန်းငှားဘဝဖြင့် ရေရှည် အပ်နှံမထားသင့်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် အဆောင်များ ဖြစ်ပေါ်လာနိုင်ရေး ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

နေပြည်တော်၌ စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် လွှတ်တော် အခွင့်အရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ဦးဖေသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ လွှတ်တော်ကြီးမှာ တိုင်းပြည်တာဝန် ထမ်းဆောင်နေရတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို စည်ပင် တည်းခိုဆောင်မှာ အခန်းငှားနေရခြင်းဟာ အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလို ကြည့်မကောင်းပါဘူး။ အခုဆို အိမ်ရှင်က အိမ်ငှားကို လွှတ်တော် အစည်းအဝေးပြီးရင် တစ်ရက်ပိုနေရင် တစ်ရက်စာ ပေးရမယ်လို့ နို့တစ်စာ ထုတ်ထားတာကြောင့် လွှတ်တော်အစည်းအဝေးကို တစ်ရက်ကြိုလာလို့မရ။ တစ်ရက် နောက်ကျ ထွက်သွားလို့မရ အခက်အခဲ ကြုံတွေ့နေရပါတယ်။ ဒါတွေကို အဆင်ပြေအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေအပိုဒ် ၆ မှာ ဖော်ပြထားတဲ့ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတဲ့ အများက ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်များကို မိဘမဲ့ကလေးများလို စည်ပင် တည်းခိုဆောင်မှာ အခန်းငှားဘဝနဲ့ ရေရှည်အပ်နှံ မထားသင့်ပါကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာကို ရှေးရှုပြီး လွှတ်တော် ကိုယ်စားလှယ် အဆောင်တွေ ဖြစ်ပေါ်လာနိုင်ရေး လွှတ်တော် အခွင့်အရေးကော်မတီက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြပြီး စတင်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ပြပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနေထိုင်မှုနှင့် ပတ်သက်၍ လွှတ်တော် အခွင့်အရေးကော်မတီ အနေဖြင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိဘဲ အစိုးရက ဆောင်ရွက်သော ကိစ္စဖြစ်ကြောင်းနှင့် လာမည့် ဘတ်ဂျက်နှစ်မှစ၍ လွှတ်တော်ပြီးချိန်တွင် ဆက်နေမည်ဆိုပါက အခန်းခ ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ စည်ပင် ဧည့်ရိပ်သာအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပြီးခဲ့သည့် တစ်ပတ်က ပန်ကြားလွှာပေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောကြားသည်။

“ကိုယ်စားလှယ် တစ်ယောက်မှာ တစ်ရက်မှာ နေ့တွက် နှစ်သောင်း ရတယ်။ နှစ်သောင်းမှာ နေထိုင်စရိတ်က ၅၀၀၀။ ခရီးစရိတ်က ၅၀၀၀။ စားသောက်စရိတ်က ၁၀၀၀၀။ အဲဒီအတွက် ၅၀၀၀ နဲ့ စည်ပင်ရိပ်သာထဲ ထားပေးတာ။ သူများဆိုရင် ၁၁၀၀၀၊ ၁၂၀၀၀ ယူတဲ့အချိန် ကိုယ်စားလှယ်တွေကို ၅၀၀၀ နဲ့ ထားပေးတာပေ့ါ။ အဲဒီလို ထားပေးတဲ့အချိန်မှာ လွှတ်တော်ပြီးသွားတဲ့ အချိန်မှာ အရင်တုန်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒီဝန်းထဲမှာ ဆက်ပြီး နေနေကြတယ်။ နေနေကြတဲ့ အခါကျတော့ လွှတ်တော်ပြီးသွားပြီး ဆိုရင် ပြန်ကြရမှာပဲလေ။ နေ့တွက်လည်း မရတော့ဘူး။ စည်ပင်ရိပ်သာထဲကလည်း လွှတ်တော် ပြီးသွားတဲ့အတွက် မထားတော့ဘူး။ သို့သော် ရှေ့ပိုင်းမှာ တချို့ ကိုယ်စားလှယ်တွေက ဆက်ပြီး နေကြတယ်ပေါ့။ မပြန်ကြတော့ဘူး။ ဒီမှာပဲ တစ်နှစ်ပတ်လုံး နေကြတယ်။ အဲဒီလိုနေကြတဲ့အခါမှာ စည်ပင်က ဘာကို ပြန်သတ်မှတ်ပေးလဲ ဆိုတော့ အခုလာမယ့် ဘတ်ဂျက်နှစ်ကနေ စပြီး လွှတ်တော်ပြီးသွားတဲ့ အချိန်မှာ ဒီမှာဆက်နေတဲ့ သူတွေကို အခန်းခ ဆက်ကောက်ပါ့မယ် ဆိုတာမျိုး ပန်ကြားလွှာလေး ထုတ်တယ်” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

Most Read

Most Recent