စက်သုံးဆီဈေး မြင့်တက်လာခြင်းနှင့် ခရီးသည် ရှားပါးလာမှုကြောင့် အငှားယာဉ်မောင်းများ ယာဉ်ပိုင်ရှင်ထံ ပြန်အပ်မှု များလာ

စက်သုံးဆီဈေး မြင့်တက်လာခြင်းနှင့် ခရီးသည် ရှားပါးလာမှုကြောင့် အငှားယာဉ်မောင်းများ ယာဉ်ပိုင်ရှင်ထံ ပြန်အပ်မှု များလာ
Published 13 September 2018

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားယာဉ်အချို့ (ဓာတ်ပုံ-မျိုးထက်ပိုင်)

စက်သုံးဆီဈေး မြင့်တက်လာခြင်းနှင့် ခရီးသည်များ ရှားပါးလာသဖြင့် ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းအချို့ယာဉ်ပိုင်ရှင်ထံ ပြန်အပ်မှု များလာကြောင်း သိရသည်။

“ အစ်ကိုတို့အဖွဲ့ထဲကပဲ လုပ်သက် နှစ် ၂၀ လောက်ရှိတဲ့ အစ်ကိုတစ်ယာက်ဆိုရင် ဒီနေ့မနက်ကပဲ ကားပြန်အပ်လိုက်ပြီ။ သူရတဲ့ ပိုက်ဆံနဲ့ ဆီပြန်ထည့်တာနဲ့ပဲ ကုန်နေတော့ အိမ်ကိုလည်း ပိုက်ဆံ ပြန်မပေးနိုင်၊ အုံနာကြေး စိုက်ရင်း စိုက်ရင်းနဲ့ အခုမစိုက်နိုင်တော့လို့ ကားနားလိုက်တာ။ ဆီဈေးက တရိပ်ရိပ် တက်လာတော့ ခရီးသည်ဘက်ကို ဈေးပိုတောင်းဖို့ ကျတော့ အခက်အခဲ ရှိလာရော။ ဘယ်လိုအခက်အခဲ ရှိလာလဲဆိုတော့ ခရီးသည်တွေကို ဈေးတိုးတောင်းလို့ မရတဲ့အကြောင်းက ဆီဈေးက တက်တယ်လေ။ ဒါပေမယ့် လခစား ရုံးဝန်ထမ်းတွေရဲ့ လစာတွေမှ မတက်တာ။ အဲဒီအခါကြတော့ ငှားရင်လည်း သူတို့ပြောတဲ့ဈေးနဲ့ ရရင်ငှားမယ်။ သူတို့ ပြောတဲ့ဈေးနဲ့ မရရင် မငှားဘူးဆိုတဲ့သဘော ဆိုတော့ အစ်ကိုတို့အနေနဲ့ တိုးတောင်းဖို့ အဆင်မပြေဘူး ဖြစ်တာပေါ့။ ဆီဈေးတက်ရင် တချို့ စားသောက်ကုန်တွေက တက်တယ်လေ။ စားသောက်ကုန်ကကျတော့ မဖြစ်မနေဝယ်ရတယ်။ စားသောက်ကုန်ဘက်က ပိုကုန်တော့ Taxi ငှားစီးတဲ့ဘက်မှာ လျော့ရော။ အဲဒီတော့ အစ်ကိုတို့ Taxi သမားတွေဘက် ဆီဈေးတက်တဲ့အပြင် ငှားစီးတဲ့ ခရီးသည်ပါ လျော့တော့ အစ်ကိုတို့ဘက်က အခက်အခဲတွေ ဖြစ်တာပေါ့” ဟု ရန်ကုန် အငှားယာဉ်မောင်းများသမဂ္ဂမှ ကိုမျိုးအောင်က ပြောကြားသည်။

စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာသော်လည်း အငှားယာဉ်ငှားခမှာ မြင့်တက်နိုင်ခြင်း မရှိကြောင်း၊ ထို့ပြင် အငှားယာဉ် စီးနင်းသူများ၏ ဝင်ငွေမှာလည်း မြင့်တက်လာခြင်း မရှိသဖြင့် အငှားယာဉ် စီးနင်းသူ နည်းပါးလာခြင်း ဖြစ်ကြောင်း အငှားယာဉ်မောင်းများ က ဆိုသည်။

အငှားယာဉ်မောင်းများမှာ စက်သုံးဆီဈေး မတက်မီ အုံနာကြေးနှင့် ဆီဖိုးပေးချေပြီး တစ်ရက်လျှင် ကျပ်တစ်သောင်းကျော် ကျန်ရှိခဲ့သော်လည်း စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာပြီး နောက်ပိုင်းတွင် အုံနာကြေး နှင့် ဆီဖိုးပေးချေပြီး တစ်ရက်လျှင် ကျပ် ၆၀၀၀ ကျော်မျှသာ ကျန်ရှိတော့ကြောင်း ရန်ကုန်အငှားယာဉ်မောင်းများသမဂ္ဂမှ ကိုဂျစ်က ပြောကြားသည်။

အငှားယာဉ်မောင်းလုပ်သက် ၂၂ နှစ်ရှိ ကိုစည်သူအောင်က “ အခုဟာက ဘယ်လိုဖြစ်နေလဲ ဆိုတော့ ဆီဈေးတက်လို့ ဈေးတက်ချင်ပေမယ့်လည်း CNG ကားတွေ ရှိတော့ ဈေးက ပိုတောင်းလို့ မရဘူး။ ပိုတောင်းရင်လည်း ဘယ်သူမှ လိုက်ကြမှာ မဟုတ်ဘူး။ အခုဟာက ပြည်သူတွေကလည်း စီးပွားရေး ကျပ်တည်းနေကြတော့ TAXI ငှားစီးတဲ့သူတွေ အရင်လောက် သိပ်မရှိကြတော့ဘူး။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဆီဈေးတက်တာက တစ်ဖက် ငှားစီးတဲ့သူတွေ နည်းလာတာက တစ်ဖက်။ အဲဒီမှာတင် ကျွန်တော်တို့ TAXI သမားတွေတချို့ဆို ကားပြန်အပ်ပြီး တခြားအလုပ် ပြောင်းလုပ်နေကြတာတွေ ရှိလာပြီ” ဟု ပြောကြားသည်။

စက်သုံးဆီ ဈေးနှုန်းသည် သုံးလကျော်အတွင်း ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်း၌ ဒီဇယ်တစ်လီတာ ကျပ် ၁၀၁၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၁၀၂၀၊ အောက်တိန်း 92 Rom တစ်လီတာ ကျပ် ၉၉၀၊ အောက်တိန်း 95 Rom တစ်လီတာ ကျပ် ၁၀၃၀ ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ် တက္ကစီများဖြစ်သည့် အပူးနံပါတ် AA, BB အစရှိသည့် ယာဉ်အစီးရေ လေးသောင်းနီးပါး၊ နံပါတ်အနက်မှ အနီပြောင်းထားသည့် ယာဉ်အစီးရေ သုံးသောင်းခန့်နှင့် အခြားပြည်နယ်၊ တိုင်းဒေသကြီးများမှ နယ်လိုင်စင်ဖြင့် ဝင်ရောက် ပြေးဆွဲနေသည့် ယာဉ်အစီးရေ နှစ်သောင်းခန့်အထိ ရှိကြောင်း သိရသည်။ လွင်မျိုးသူ