ချစ်သူချင်းခိုးယူ ပေါင်းသင်းခဲ့သော်လည်း အသက်မပြည့်သေးသောကြောင့် အုပ်ထိန်းသူက အမှုဖွင့်ရာ သက်ငယ်မုဒိမ်းမှုဖြင့် အရေးယူခံရမှု ဘားအံမြို့နယ်တွင် ဖြစ်ပွား

ချစ်သူချင်းခိုးယူ ပေါင်းသင်းခဲ့သော်လည်း အသက်မပြည့်သေးသောကြောင့် အုပ်ထိန်းသူက အမှုဖွင့်ရာ သက်ငယ်မုဒိမ်းမှုဖြင့် အရေးယူခံရမှု ဘားအံမြို့နယ်တွင် ဖြစ်ပွား
Published 13 September 2018

ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒုနယ်မြေရဲစခန်းအပိုင်တွင် အလယ်တန်း အဆင့်ကျောင်းသူတစ်ဦးအား ၎င်း၏ချစ်သူက နှစ်ဦးသဘောတူ ခိုးယူပေါင်းသင်းခဲ့သော်လည်း အုပ်ထိန်းသူက အမှုဖွင့်တိုင်တန်းသည့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ဘားအံမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ----ကျေးရွာနေ ဦး----+ ဒေါ်---- တို့၏ သမီးဖြစ်သူ မ---- အသက် (၁၂) နှစ်သည် စက်တင်ဘာ ၈ ရက် ည ၇ နာရီခန့်က ရုတ်တရက် ပျောက်ဆုံးနေသဖြင့် အုပ်ထိန်းသူများက လိုက်လံစုံစမ်းခဲ့ရာ စက်တင်ဘာ ၉ ရက် ညနေ ၃နာရီခန့်တွင် ကော့စိန်ဘန်းကျေးရွာအုပ်စု တံတားဦးရွာနေ မောင်မိုက်ခဲ (ခ) မိုက်ရိုင်း၏ နေအိမ်တွင် တွေ့ရှိရကြောင်း သိရသည်။

မိန်းကလေး၏ မိဘအုပ်ထိန်းသူများက မေးမြန်းရာ လွန်ခဲ့သောတစ်နှစ်ခန့်ကတည်းက ချစ်သူရည်းစားဖြစ်နေသော မောင်လာကု (ခ) ထက်လင်းအောင်နှင့် ခိုးရာလိုက်ပြေးခြင်းဖြစ်ကြောင်း သိရပြီး သားမယားအဖြစ် သုံးကြိမ်ဆက်ဆံခဲ့ကြောင်း မေးမြန်း သိရှိရသည်ဟုဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အုပ်ထိန်းသူ ဒေါ်----- က အရွယ်မရောက်သေးသည့် သမီးဖြစ်သူ မ ----- အသက် ၁၂ နှစ် နှစ်လ - မွေးသက္ကရာဇ် ၂၁-၇-၂၀၀၆ ခုနှစ် - ဆဋ္ဌမတန်းကျောင်းသူအား ခိုးယူခေါ်ဆောင်သွားကာ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့သူ မောင်လာကု (ခ) ထက်လင်းအောင် (၂၀ နှစ်)၊ ဘားအံမြို့နယ်သာယာကုန်း ကုလားစုနေသူကို အရေးယူပေးရန် တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သက်ငယ်မုဒိမ်းမှုကို အရင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၅ ရဲ့ ပဉ္စမပိုဒ်မှာ ဖွင့်ဆိုထားတာက အသက် ၁၄ နှစ်အောက် ကလေးငယ်ကို အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်လို့ ဖွင့်ဆိုခဲ့ပေမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက်က ပြည်ထောင်စု ဥပဒေအမှတ် (၆) ပြင်ဆင်လိုက်တဲ့အခါ ၁၆ နှစ်အောက် မိန်းကလေးများကို အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်လို့ ပြင်ဆင်ထားတဲ့အတွက် အသက် ၁၆ နှစ်အောက် မိန်းကလေးတွေဟာ သူတို့ရဲ့ရည်းစားကောင်လေးတွေနဲ့ လိုက်ပြေးတယ်။ ဒါကို အုပ်ထိန်းသူမိဘတွေက အမှုဖွင့်တဲ့အခါမှာ ၃၆၃၊ ၃၇၆ နဲ့ ရေးဖွင့်ရတာ ဖြစ်တယ်” ဟု အိန္ဒုနယ်မြေ ရဲစခန်းမှူး ရဲအုပ်မင်းအောင်ထွန်းက ပြောကြားသည်။

သို့ဖြစ်၍ မောင်လာကု(ခ) ထက်လင်းအောင် ( ၂၀) နှစ်အား အိန္ဒုနယ်မြေရဲစခန်း က(ပ)၁၂၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၃ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း သက်ငယ်မုဒိမ်းမှု ဖြစ်ပွားသည့်အရေအတွက် နှိုင်းယှဉ်ရာတွင် ၂၀၁၆ခုနှစ်က ၁၁ မှု၊ ၂၀၁၇ ခုနှစ်တွင် ၁၇ မှု၊ ၂၀၁၈ခုနှစ် သြဂုတ်လနောက်ဆုံးပတ်အထိ ၁၇ မှုဖြစ်ပွားခဲ့ကြောင်း သိရပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများလာဖွယ်ရှိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။