မြဝတီမြို့တွင် ဖောက်ခွဲဖျက်ဆီးရေးလက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီးနောက် နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင်ရွက်

မြဝတီမြို့တွင် ဖောက်ခွဲဖျက်ဆီးရေးလက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီးနောက် နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင်ရွက်
Published 13 September 2018

မြဝတီမြို့တွင် လုံခြုံရေး ဆောင်ရွက်နေသည်ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းက တွေ့ရစဉ်

ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့တွင် နယ်မြေအတွင်း လုယက်မှု အပါအဝင် ဒုစရိုက်မှုများ မဖြစ်ပွားစေရေးအတွက် ၂၄ နာရီပတ်လုံး ဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲဖျက်ဆီးရေး လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီးနောက် နယ်မြေလုံခြုံရေးကို နှစ်ဆတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်းက ပြောကြားသည်။

“ပန်းခြံ၊ တံတားနဲ့ လူစည်ကားရာနေရာတွေကို ဖောက်ခွဲမယ်ဆိုတဲ့ နောက်ဆက်တွဲ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိနိုင်လိုက်ပါတယ်။ ကြိုတင်ဖမ်းဆီနိုင်ခြင်းမရှိရင် မြန်မာနိုင်ငံအထဲထိ စိမ့်ဝင်နိုင်ပါတယ်။ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းတွေ ဖမ်းဆီးရမိတဲ့ စက်တင်ဘာ ၉ ရက်ကစပြီး လုံခြုံရေးနှစ်ဆတိုးမြှင့် ဆောင်ရွက်နေပါတယ်။ ရဲတပ်ဖွဲ့၊ BGF တပ်ဖွဲ့အပြင် တပ်မတော်နဲ့ အရပ်ဘက်က ပြည်သူ့အကျိုးပြု တက်ကြွလူငယ်၊ လူလတ်ပိုင်းတွေ ပါဝင်ဆောင်ရွက်နေပါတယ်” ဟု ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်းက ပြောကြားသည်။

မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်၊ တရုတ်ဘုံကျောင်းရှေ့၌ မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးအောင်နိုင်ထွန်း ဦးစီးပူးပေါင်းအဖွဲ့ ယာဉ်များအား စစ်ဆေးရှာဖွေသည့် စက်တင်ဘာ ၉ ရက်က မြဝတီမြို့တွင်းမှ မြို့ပြင်သို့ အမှတ် (၅) ရပ်ကွက်နေ ကျော်ခိမောင်းနှင်ပြီး တစ်မြို့တည်းနေ နန်းညိုညိုအေး၊ စောကျော်ထု၊ လှိုင်းဘွဲမြို့နယ်နေ စောဒိကလူးလိုက်ပါလာသည့် ယာဉ်အားရပ်တန့်စစ်ဆေးရာ စောဒိကလူးထံမှ တရုတ်နိုင်ငံလုပ် ၅-၈၅၉၀၀ လက်ပစ်ဗုံးတစ်လုံး (ဖြူ့စ်ပါ)နှင့် ယာဉ်မောင်းထိုင်ခုံနောက်ကျောတွင် ချိတ်ဆွဲထားသည့် လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ကျည် ၂၀ တောင့်၊ WY/R စာတန်းပါ စိတ်ကြွဆေးပြား ၄၄၅ ပြားနှင့် ငွေကျပ် ၁၀၀,၀၀၀တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် (၄) ရပ်ကွက်ရှိ ကျော်ခိ၏နေအိမ်သို့ ဆက်လက်ရှာဖွေရာ T-628 အမျိုးအစားဓာတ်ခဲ ၁၂ လုံးပါ အိမ်တွဲလျက်မိုင်းရှစ်လုံး၊ BELL SOUTH T-388 အမျိုးအစား ဓာတ်ခဲ ၁၂ လုံးပါ အိမ်တွဲလျက် မိုင်းခြောက်လုံး၊ T-628 အမျိုးအစားရီမု နှစ်ခု၊ TEST စာတမ်းပါ မိန်းခုံနှစ်ခု၊ အရှည် ၁၃ ပေခွဲခန့်ရှိ ယမ်းကြိုးတစ်ချောင်း၊ TNT အမျိုးအစား ယမ်းပျော့ ၁၅ တောင့်၊ ဒီတိုနေတာ ၂၀ ခုတို့အား ထပ်မံသိမ်းဆည်းရမိသဖြင့် ကျော်ခိပါ လေးဦးအား မြဝတီမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ထို့ပြင် မြဝတီနယ်စပ် မြို့တွင်းမြို့ပြင်များတွင် နေရာအတည်တကျမထား၊ အချိန်အကန့်အသတ်မထားဘဲ နယ်မြေလုံခြုံရေး၊ ပြည်သူ့ဘ၀ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် တပ်၊ ရဲ၊ BGF အရပ်ဘက် ပြည်သူလူထုများနှင့် ပူးပေါင်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။