ပညာရေးတက္ကသိုလ် ဆက်လက်တက်ရောက်ခွင့်၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူခွင့်အတွက် ကန့်သတ်မှုများနှင့် နစ်နာဆုံးရှုံးမှုများ ဖြေရှင်းပေးရန် မုံရွာပညာရေးကောလိပ်ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူများ ဆန္ဒထုတ်ဖော်

ပညာရေးတက္ကသိုလ် ဆက်လက်တက်ရောက်ခွင့်၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူခွင့်အတွက် ကန့်သတ်မှုများနှင့် နစ်နာဆုံးရှုံးမှုများ ဖြေရှင်းပေးရန် မုံရွာပညာရေးကောလိပ်ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူများ ဆန္ဒထုတ်ဖော်
Published 12 September 2018

မုံရွာပညာရေးကောလိပ် ကျောင်းသားကျောင်းသူများ စက်တင်ဘာ ၁၁ ရက် နံနက်က ပညာရေးကောလိပ်ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်နေစဉ်

ပညာရေးတက္ကသိုလ် ဆက်လက်တက် ရောက်ခွင့်၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူခွင့်အတွက် ကန့်သတ်မှုများနှင့် နစ်နာဆုံးရှုံးမှုများ ဖြေရှင်းပေးရန် မုံရွာပညာရေးကောလိပ်ကျောင်းဝင်းအတွင်း ကျောင်းသား ကျောင်းသူများ စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီခန့်က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ပညာဆက်လက်သင်ယူရန်နှင့် နစ်နာဆုံးရှုံးမှုများ ဖြေရှင်းပေးရေးအတွက် မုံရွာပညာရေးကောလိပ်ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းသည် ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂကိုယ်စားပြု ကော်မတီ ကျောင်းပေါင်း ၁၄ ကျောင်း၏ တောင်းဆိုမှု ထုတ်ပြန်ချက်ကို ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ထားကြောင်း၊ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ဖြေရှင်းမှု၊ ကမ်းလှမ်းမှု၊ အကြောင်းပြန်မှုမရှိသေးသည့်အတွက် ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းဖြစ်ကြောင်း မုံရွာပညာရေးကောလိပ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုမြင့်ထွေးက ပြောကြား သည်။

“သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနကို ကျွန်တော်တို့ တောင်းဆိုချက်တွေ ပေးပို့ထားတယ်။ တစ်ပတ်ကျော်နေပြီ။ ကျွန်တော်တို့ဆီကို အကြောင်းပြန်တာတွေ ဆက်သွယ်လာတာတွေ မရှိသေးဘူး။ ကျွန်တော်တို့ဘက်ကလည်း ဆက်သွယ်မေးမြန်းတယ်။ အကြောင်း ပြန်ပေးတာမျိုး မရှိဘူး။ ပညာရေးကောလိပ် ကျောင်းပေါင်း ၁၄ ကျောင်းပါဝင်တဲ့ ကျောင်းသားတွေကို မထီမဲ့မြင်ပြုလုပ်တယ်လို့ ကျွန်တော်တို့က မြင်တယ်။ ကျောင်းသားတွေရဲ့ အသံကိုလည်း နားထောင်မပေးတာပေါ့။ ကျွန်တော်တို့ဘက်က ကျွန်တော်တို့ရချင်တဲ့ အချက်တွေကို ရကိုရရမယ်။ ပေးကိုပေးရမယ်လို့တောင်းနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ တောင်းတာက ညှိနှိုင်းဖြေရှင်းမှုကို တောင်းနေတာ။ အရင်တုန်းကလည်း သူတို့နဲ့ ကျွန်တော်တို့ အလွတ်သဘောဆွေးနွေးမှုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားဝင် မဖြစ်ခဲ့သေးဘူးပေါ့။ အဲဒီအတွက် ကျွန်တော်တို့ တိကျတဲ့ အချက်ကို ရချင်တယ်။ ပွင့်လင်းမြင်သာစွာ ရှိစေချင်တယ်” ဟု မုံရွာပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုမြင့်ထွေးက ဆက်လက်ပြောကြားသည်။

ပညာဆက်လက်သင်ယူရန်နှင့် နစ်နာဆုံးရှုံးမှုများ ဖြေရှင်းပေးရေးအတွက် မုံရွာပညာရေးကောလိပ် ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်တောင်းဆိုကြသည့် ကျောင်းသူကျောင်းသားများနှင့် စက်တင်ဘာ ၁၀ ရက် က မုံရွာပညာရေးကောလိပ်ကျောင်းမှ ခွဲမှူး (စီမံ) ယာယီတာဝန်ခ ံဦးကျော်မြင့်က ခေါ်ယူဆွေးနွေးခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်တောင်းဆိုမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို သက်ဆိုင်ရာသို့ တောင်းဆိုထားသလားဟု မေးမြန်းရာ မတောင်းရသေးကြောင်း ကျောင်းသားများက ပြန်လည် ဖြေကြားခဲ့ကြောင်း မုံရွာပညာရေးကောလိပ်မှ ဦးကျော်မြင့် ခွဲမှူး(စီမံ) ယာယီတာဝန်ခံက ဆိုသည်။

“ကျွန်တော်က မပြနဲ့လို့ မတားဘူးလေ။ သို့သော်လည်း ဥပဒေဘောင်အတွင်းကနေ မင်းတို့သွား။ ကျောင်းသားတွေကလည်း ကျောင်းထဲမှာ ပြမယ်။ ကျွန်တော်ကလည်း ပြပါ။ ဆရာဘာမှမဖြစ်ဘူးလို့ ပြောလိုက်တယ်။ အဲဒီလိုတော့ ကျွန်တော် ပြောတယ်။သို့သော် စည်းကမ်းဘောင်အတွင်းက မဟုတ်ခဲ့ရင်တော့ မင်းတို့ အလကားနေရင်းနဲ့ ဆရာ ဆရာမတွေဆိုတာကလည်း စည်းကမ်းလိုက်နာရမယ်လေ။ ကျန်တဲ့အရပ်သားတစ်ယောက်နဲ့ မတူဘူး။ ဒါကို ကျွန်တော် ပြောတာပါ။ ခေါင်းဆောင်တဲ့သူက ဘာပြောလဲဆိုတော့ ရတယ်တဲ့။ ဖြစ်ချင်ရာဖြစ်။ ကျွန်တော် ထောင်ထဲဝင်ဖို့ အဆင်သင့်ပဲ၊ ဒါမျိုးပြောတယ်။ ကျွန်တော်ကလည်း ခေါ်ယူဆုံးမလို့ရတဲ့ ကျောင်းသားတွေမဟုတ်ဘူးဆိုပြီး ဘာမှမပြောတော့ဘဲ နေလိုက်တာ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့အထက် လူကြီးကိုတော့ အသိပေးထားပါတယ်” ဟု မုံရွာပညာရေးကောလိပ်မှ ဦးကျော်မြင့် ခွဲမှူး(စီမံ) ယာယီတာဝန်ခံက  ဆက်လက်ပြောကြားသည်။

ပညာရေးကောလိပ်ကျောင်းသူကျောင်း သားများသည် ပညာရေးကောလိပ်အတွင်း ကျောင်းအတူ သင်ကြားခဲ့ရသော်လည်း လူတိုင်းတွင် တူညီသည့် အခွင့်အရေးမရရှိခဲ့ကြောင်း၊ ပညာရေးတက္ကသိုလ်သို့ဆက်လက် ပညာသင်ကြားခွင့်မရရှိသည့်အတွက် ကျောင်းသူကျောင်းသားများသည် အခွင့်အရေး ဆုံးရှုံးမှုများရှိကြောင်း၊ အခွင့်အရေးဆုံးမှုများကို ရယူပေးစေလိုသည့်အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ မအေးသူဇာနွယ်က ဆိုသည်။

“လက်ရှိမှာတော့ ကျွန်မတို့ ပညာရေးကောလိပ် ကျောင်းသူကျောင်းသားတွေ အကုန်လုံးဟာဆိုရင် ဒီကျောင်းဝင်းထဲမှာပဲ အားလုံး အတူတူ နှစ်နှစ်တာပညာသင်ယူခဲ့ရတယ်။ အဲဒီလို ပညာသင်ယူခဲ့ရာမှာ ဘာတွေသင်ရလဲဆိုတော့ စာပေဘာသာရပ်တွေလည်း သင်ရတယ်။ သင်ပြနည်းတွေ၊ ဖွံ့ဖြိုးရေးတွေ၊ သဘောတရား စိတ်ပညာတွေ အကုန်လုံး သင်ရတယ်။ အဲဒီလိုသင်ရတဲ့အထဲမှာမှ နှစ်နှစ်ပြီးသွားလို့ရှိရင် ပညာရေးတက္ကသိုလ်မှာ ဆက်လက်ပညာသင်ယူခွင့် ရွေးချယ်လိုက်တယ်။ အဲဒီမှာ ထူးချွန်တဲ့ကျောင်းသူ ကျောင်းသားတွေကို ရွေးချယ်လိုက်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ လစ်မစ်နဲ့ဖြတ်ကျလိုက်တာ ဖြစ်တဲ့အတွက် ကျန်တဲ့ကျောင်းသူကျောင်းသားတွေ အကုန်လုံးက ဝိဇ္ဇာ၊ သိပ္ပံကျောင်းကို တက်ရောက်ရတယ်။ အလုပ်ခွင် ဝင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဝေးသင်တက်ရတယ်။ အဝေးသင်တက်ရတဲ့အခါမှာ ကျွန်မတို့လိုချင်တဲ့ မေဂျာကိုလည်း ရွေးချယ်လို့မရဘူး။ ဝိဇ္ဇာဘွဲ့ပဲ ယူရတယ်။ ပြီးတော့ ပညာရေးတက္ကသိုလ် တက်ရောက်ရတဲ့အခါမှာ တတိယနှစ်ကစပြီး တက်ရောက်ရတယ်။ ဝိဇ္ဇာသိပ္ပံ တက်ရောက်ရတဲ့အတွက် ပထမနှစ်ကပဲ တက်ရောက်ရတယ်။ တကယ်တမ်းဖြစ်သင့်တာက အားလုံးအတူတူ ညီတူညီမျှ တတိယနှစ်ကနေစပြီး တက်ရောက်သင့်တာပေါ့” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ မအေးသူဇာနွယ်က ဆက်လက်ပြောကြားသည်။

မုံရွာ ပညာရေးကောလိပ်ကျောင်းဝင်းအတွင်း ပညာဆက်လက်သင်ယူရန်နှင့် နစ်နာဆုံးရှုံးမှုများ ဖြေရှင်းပေးရေးအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည့် ကျောင်းသူကျောင်းသားများသည် စာပေဘာသာရပ် လွတ်လပ်စွာ ရွေးချယ်ခွင့် (သိပ္ပံတွဲ / ဝိဇ္ဇာတွဲ)အတွက် ညှိနှိုင်းပေးရေး၊ စာပေဘာသာရပ် ဆက်လက်သင်ယူရန်အတွက် အဝေးသင် တက္ကသိုလ် တတိယနှစ်မှ စတင်တက်ရောက်ရေး၊ ပညာဆက်လက်သင်ယူခွင့်အတွက် တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရေး၊ ဘာသာရပ်လွတ်လပ်စွာ ရွေးချယ်ခွင့်အတွက် ညှိနှိုင်းပေးရေး စသည့်အချက်များ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent