အယ်လ်ဆာဗေးဒိုးနှင့်ပွဲတွင် ရစ်ချာလီဆန်၊ အာသာတို့ ပွဲထွက်ကစားဖွယ်ရှိနေ

အယ်လ်ဆာဗေးဒိုးနှင့်ပွဲတွင် ရစ်ချာလီဆန်၊ အာသာတို့ ပွဲထွက်ကစားဖွယ်ရှိနေ
Published 12 September 2018

Photo: Instagram

အဲဗာတန်တိုက်စစ်ကစားသမား ရစ်ချာလီဆန်နှင့် ဘာစီလိုနာကွင်းလယ်လူ အာသာတို့သည် အယ်လ်ဆာဗေးဒိုးနှင့်ကစားမည့် ခြေစမ်းပွဲတွင် ဘရာဇီးလ်အသင်း၌ ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

ရစ်ချာလီဆန်နှင့် အာသာတို့မှာ အမေရိကန်နှင့်ပွဲတွင် လူစားဝင်ကစားပြီး လက်ရွေးစင်ပွဲဦးထွက်ခဲ့ပြီးဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ဘရာဇီးလ်နည်းပြ ထိထီက သူ၏အသင်းကို နှစ်သင်းခွဲကာ ကစားစေခဲ့ပြီး အမာခံကစားသမားများပါဝင်သည့်အသင်းကို အခြေခံကာ Goal.com က ဖော်ပြခဲ့ခြင်းဖြစ်သည်။

Photo: Getty Images

ထိထီသည် အမေရိကန်နှင့်ပွဲမှ Line-up ကို ခြောက်နေရာအထိ အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေပြီး ဖေမီနိုနေရာတွင် ရစ်ချာလီဆန်၊ ဖရက်ဒ်နေရာတွင် အာသာ၊ ဖိလစ်ပီလူးဝစ်နေရာတွင် အဲလက်စ်ဆန်ဒရို၊ သီယာဂိုဆေးလ်ဗားနေရာတွင် ဒီဒီ၊ ဖာဘင်ညိုနေရာတွင် အီဒါမီလီတာအို၊ အယ်လစ်ဆန်နေရာတွင် နေတိုတို့ကို အသုံးပြုသွားဖွယ်ရှိနေသည်။

ဗလင်စီယာဂိုးသမား နေတိုနှင့် ပေါ်တိုလူငယ်ကြယ်ပွင့် အီဒါမီလီတာအိုတို့မှာ ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ကစားခွင့်ရရန် နီးစပ်လျက်ရှိသည်။

Photo: AFP

နေတိုအနေဖြင့် လွန်ခဲ့သည့်(၈)နှစ်ခန့်ကတည်းက ဘရာဇီးလ်လူစာရင်းတွင် စတင်ရွေးချယ်ခံခဲ့ရသော်လည်း ပွဲ(၂၀)ကျော် အရန်ခုံထိုင်ခဲ့ရကာ တစ်ပွဲမှ ပါဝင်ကစားခွင့်မရခဲ့ကြောင်း သိရသည်။

ဘရာဇီးလ်အသင်း၏ ဖြစ်နိုင်ဖွယ် Line-up

ဂိုး - နေတို
နောက်တန်း - အီဒါမီလီတာအို၊ ဒီဒီ၊ မာကင်ဟို့စ်၊ အဲလက်စ်ဆန်ဒရို
အလယ်တန်း - အာသာ၊ ကက်စမဲရိုး၊ ကော်တင်ဟို
ရှေ့တန်း - ဒူးဂလပ်စ်ကော်စတာ၊ ရစ်ချာလီဆန်၊ နေမာ