<

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် အကောင်အထည်ဖော်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအား ဒေသခံများနှင့် ဖြစ်ပေါ်နေသည့် ပြဿနာများ မဖြေရှင်းနိုင်သေးမီ ရပ်တန့်ထားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ တောင်ဘက်မိုင် ၂၀ အကွာ မြစ်ငယ်မြစ်ပေါ်တွင် အကောင်အထည်ဖော်နေသည့် ရေအားလျှပ်စစ် စီမံကိန်းအား ဒေသခံများနှင့် ဖြစ်ပေါ်နေသည့် ပြဿနာများ မဖြေရှင်းနိုင်သေးမီ ရပ်တန့်သင့်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းမှု ပြုလုပ်ထားသည်။

“အခု ၂၀၁၈-၂၀၁၉ မှာ ပါတဲ့အထက်ရဲ ရွာလုပ်ငန်းတည်ဆောက်မှု လုပ်ငန်းငါးခုကို ကျွန်တော်က ဒီဟာကို လျှော့ပြီးတော့ပေးဖို့ ဆိုပြီးတော့ ကျွန်တော်က တင်လိုက်ခြင်းဖြစ်တယ်။ ဒါကို လုပ်လိုက်ခြင်းအားဖြင့် ဒီကော်မတီတွေကတော့ နည်းနည်းတော့ ပိုပြီးတော့ စိတ်ဝင်စားလာတာပေါ့ဗျာ။ စိတ်ဝင်လာစားတဲ့ အခြေအနေရှိတယ်။ အခု နောက်ဆုံးအခြေအနေအရ ဒေသခံတွေ နောက်ဆုံးပေးပို့လာတဲ့ သတင်းတွေအရဆိုရင် ဒီဆည်ကြီးရဲ့ အခြေအနေ ထူးခြားချက်လေးတွေ ရှိတယ်ပေါ့။ ကျွန်တော့်ကို ဓာတ်ပုံပို့လာတာလေးရှိတယ်။ မနက်ဖြန် (စက်တင်ဘာ ၁၁ ရက်) ကျွန်တော် ဒါကိုပြမယ်။ ပြပြီးလို့ရှိရင် ကျွန်တော်ဒါကို ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု စိုင်းသန့်ဇင်က ပြောကြားသည်။

စီမံကိန်းဧရိယာ အတွင်းတွင် ပါဝင်သည့် အရှေ့တာလုံကျေးရွာနှင့် အနောက်တာလုံကျေးရွာတို့မှ ဒေသခံများသည် အခြားနေရာသို့ မရွေ့ပြောင်းချင်ကြောင်း၊ သို့သော်လည်း အစိုးရက တင်ပြသည့် အစီရင်ခံစာတွင် ရွှေ့ပြောင်းရန် သဘောတူ သယောင်ယောင်ရှိကြောင်း စိုင်းသန့်ဇင်က ဆိုသည်။

“ကျွန်တော်ကတော့ သီပေါလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့ တာလုံရွာမှာရှိတဲ့ အခက်အခဲတွေကို အခြေခံပြီးတော့ ဒီပြဿနာတွေကို ပွင့်ပွင့်လင်းလင်း မဖြေရှင်းနိုင်သေးခင်မှာ ဒီစီမံကိန်းကို ရပ်တန့်ဖို့သင့်တယ် ဆိုပြီးတော့ ကျွန်တော်က ဒီလိုမြင်တယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းမှာ ဆောင်ရွက်ဆဲ စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းသည် ၂၀၀၈ ခုနှစ်တွင် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့က ခွင့်ပြုခဲ့သည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်မှုမှာ ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ပြောကြားသည်။

“လက်ရှိအနေအထားက ဒီလိုဖြစ်နေတဲ့ အခါကျတော့ ဒီစီမံကိန်းဟာ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ အလေးအနက်ထားပြီးတော့ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့သင့်တယ်ဆိုတာကို ကျွန်တော်ကတော့ ဒီလိုသဘောထားပေးမှာ ဖြစ်ပါတယ်။ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကတော့ လွှတ်တော်ရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ၀န်ကြီးကတော့ ဒီစီမံကိန်းရဲ့ ကောင်းကျိုးအနေနဲ့ ပြောသွားတာကတော့ နောက်ဆုံးတစ်ချက် ရှိတယ်ဗျ။ ဒီစီမံကိန်းသာ ပြီးသွားမယ်ဆိုလို့ရှိရင် ဒီမြစ်ငယ်မြစ်ပေါ့ဗျာ။ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ မြစ်ငယ်မြစ် အောက်ပိုင်းမှာရှိတဲ့ ပြည်သူတွေအတွက်ကတော့ ရေကြီးမှုတွေ၊ ရေလျှံမှုတွေအတွက်ကတော့ လုံခြုံစိတ်ချသွားရမယ့် အခြေအနေ ရှိတယ်ဆိုတာလေး ထည့်ပြောသွားတဲ့ အခါကျတော့ ကျွန်တော့်အနေနဲ့တော့ စိတ်တော့မကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုသားအချင်းချင်း အတူတူ ဒီစီမံကိန်းတစ်ခုကြောင့် ဖြစ်ပေါ်လာမယ့် ကောင်းကျိုးတွေပဲဖြစ်ဖြစ်၊ ဆိုးကျိုးတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပြည်မကိုပဲ အာရုံပြုပြီးတော့ ပြည်နယ်တွေရဲ့ သဘောထားကို ထည့်သွင်း စဉ်းစားတဲ့နေရာမှာ အားနည်းနေသလားလို့ ကျွန်တော် ဒီလိုပဲ ခံစားမိလို့ပါ” ဟု စိုင်းသန့်ဇင်က ပြောကြားသည်။

ယင်းစီမံကိန်းပြီးစီးပါက လျှပ်စစ်မဂ္ဂါဝပ် ၂၈၀ ခန့်ထွက်မည်ဖြစ်ပြီး ကျောက်မဲမြို့၏ တောင်ဘက်မိုင် ၂၀ အကွာ တောင်ခြေရွာအနီး မြစ်ကိုဖြတ်ပိတ်မည့် စီမံကိန်းဖြစ်ကာ ဆည်ပိတ်မှုကြောင့် ရေ၀ပ်ဧရိယာသည် သီပေါမြို့နယ်နားထိ ရောက်လာမည်ဟု စီမံကိန်း အချက်အလက်များအရ သိရကြောင်း၊ ရေ၀ပ်ဧရိယာတွင်ပါရှိသည့် အရှေ့တာလုံကျေးရွာသည် သီပေါမြို့နယ်တွင်ရှိပြီး အနောက်တာလုံကျေးရွာသည် ကျောက်မဲမြို့နယ်ထဲတွင် ပါဝင်ကြောင်း၊ အဆိုပါ ကျေးရွာသားများကို ၂၀၁၄ ခုနှစ် ဇူလိုင် ၇ ရက်တွင် ကျောက်မဲမြို့ အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူအသိပေးပြီး ၎င်းတို့ ဆောင်ရွက်မည့် EIA၊ SIA အခြေအနေများကို ရှင်းပြသည့်သဘော တွေ့ရကြောင်း၊ သို့ရာတွင် လူထု၏သဘောထားကို နားထောင်ကြည့်သည့်အခါ ရွှေ့ပြောင်းရန် သဘောမတူကြဘဲ အစိုးရက တင်ပြသည့် အစီရင်ခံစာတွင် သဘောတူသည့် အခြေအနေရှိပြီး ကွဲလွဲချက်များရှိကြောင်း ၎င်းက ဆိုသည်။

September 10, 2018














Copy Protected by Chetan's WP-Copyprotect.