TNLA အဖွဲ့က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် အစိုးရ၏ NRPC က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် မရှိကြောင်း TNLA တုံ့ပြန်

TNLA အဖွဲ့က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် အစိုးရ၏ NRPC က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် မရှိကြောင်း TNLA တုံ့ပြန်
Published 11 September 2018

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသော နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်မှ နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က စက်တင်ဘာ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက် ထုတ်ပြန်သော်လည်း ၎င်းတို့အနေဖြင့် နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန်မရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ဗိုလ်မှူး တားအိုက်ကျော်က စက်တင်ဘာ ၁၀ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

NRPC ၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်မှူးတားအိုက်ကျောက်က “လောလောဆယ်ကတော့ ကျွန်တော်တို့က သတင်းထုတ်ပြန်ချက် ထုတ်ပြန်ထားတယ်။ လောလောဆယ် အဲ့ဒီထုတ်ပြန်ချက်အတိုင်းပဲ ဖြစ်ပါတယ်။ စစ်ဆေးမှုအပိုင်းနဲ့ ပတ်သက်လို့ တရားရေးဌာနက တောက်လျှောက်လုပ်နေပါတယ်။ အခုက စစ်ဆင်ရေးကာလဖြစ်တဲ့ အခါကျတော့ နေရာပြောင်းရ၊ ရွှေ့ရတာတွေတော့ ရှိပါတယ်။ သတင်းလုံခြုံရေး အတွက်ပေါ့။ အဲဒါကြောင့်မို့လို့ လောလောဆယ်မှာ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မရှိသေးပါဘူး” ဟု ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် TNLA က ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ချိန်ကာ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အပြစ်မဲ့ပြည်သူအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတော်အစိုးရက အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်စေသည်ဟု အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ကြေညာသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်တွင် နောင်မောဝ်ကုန်မာဆိုင် ဖွင့်လှစ်ထားသည့် နန်းမိုဟွမ်သည် TNLA ၏ ဥပဒေကျူးလွန်သဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် TNLA မှ အရေးယူရန် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း TNLA က စက်တင် ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

TNLA အကောက်ခွန်ဦးစီးဌာနမှ အခွန်ကောက်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးစေသည်အထိ နန်းမိုဟွမ်က တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့သောကြောင့် ဥပဒေအရ အရေးယူပေးပါရန် TNLA ဗဟိုတရားရုံးသို့ အမှုဖွင့်တိုင်ကြားခဲ့ပြီး ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် နန်းမိုဟွမ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟိုတရားရုံးမှ အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် TNLA ၏ ဗဟိုတရားရုံးမှ နန်းမိုဟွမ်းအား အမှုစတင် လက်ခံစစ်ဆေးသွားမည်ဖြစ်ပြီး စီရင်ချက်ချမှတ်မည့်နေ့တွင် နန်းမိုဟွမ်၏ ဆွေမျိုးသားချင်းနှင့် အများပြည်သူများ၏ ရှေ့မှောက်တွင် စီရင်ဆုံးဖြတ်ချက် ချနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ခဲ့သည်။

TNLA က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ စာပေးပို့ တောင်းဆိုခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ စာပေးပို့ တောင်းဆိုထားကြသည်။

ထို့ပြင် TNLA က ဖမ်းဆီးထားသော နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ၎င်း၏ မိသားစုဝင်များက စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းမြို့၌ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ နမ့်ခမ်းဒေသခံများနှင့် နိုင်ငံရေးပါတီအချို့က လာရောက် ဝန်းရံအားပေးခဲ့ကြသည်။

Most Read

Most Recent