တောင်ဥက္ကလာပမြို့နယ်၌ နေအိမ်မီးဖိုချောင်အခန်းတွင် အိပ်ပျော်နေသည့် မိန်းကလေးအား လည်ပင်းညှစ် ဓားထောက်ကာ မုဒိန်းကျင့်သည်ဟုဆိုသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွား

တောင်ဥက္ကလာပမြို့နယ်၌ နေအိမ်မီးဖိုချောင်အခန်းတွင် အိပ်ပျော်နေသည့် မိန်းကလေးအား လည်ပင်းညှစ် ဓားထောက်ကာ မုဒိန်းကျင့်သည်ဟုဆိုသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွား
Published 10 September 2018

တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက်၌ အိပ်ပျော်နေသည့် အမျိုးသမီးတစ်ဦးအား အစ်ကိုဖြစ်သူ၏ သူငယ်ချင်းက နေအိမ်မီးဖို ချောင်အခန်းတွင် လည်ပင်းညှစ်၍ ဓားထောက်က မုဒိမ်းကျင့်သည်ဟုဆိုသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ပြောကြားမှုအရ စက်တင်ဘာ ၈ ရက် နံနက် ၁နာရီကျော်တွင် မိသားစုနှင့်အတူ နေထိုင်သည့် အသက် (၂၀) အရွယ်ခန့်ရှိ မ...သည် သူမ၏ နေအိမ်ရှိ မီးဖိုချောင်အခန်း အတွင်း တစ်ဦးတည်း အိပ်ပျော်နေစဉ်တွင် အစ်ကိုဖြစ်သူ၏ သူငယ်ချင်းဖြစ်သူ ရောက်လာပြီး သူမအားလည်ပင်းညှစ်၍ ဓားထောက်ကာ အော်လျှင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။

ယင်းအချိန်တွင် ကျူးလွန်ခံရသူ အမျိုး သမီး၏ အော်သံကြောင့် မိသားစုဝင်များ နိုးလာသဖြင့် မုဒိမ်းကျင့်သည်ဟုဆိုသည့် အမျိုးသားမှာ ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်း စစ်ဆေးချက်များအရ သိရသည်။

“တိုင်ကြားတာကတော့ တောင်ဥက္ကလာ ၁၃ ရပ်ကွက်မှာနေတဲ့ အသက်က ၂၀ လောက် ရှိမယ့် အမျိုးသမီးလေးကို သူ့အစ်ကို သူငယ်ချင်းက ဓားထောက် လည်ပင်းညှစ်ပြီး မုဒိမ်းကျင့်တယ်လို့ တိုင်ထားတယ်။ ကောင်မလေးက သူ့အိမ် မီးဖိုချောင်အခန်းထဲမှာ အိပ်နေတုန်းပေါ့။ မိသားစုတွေကတော့ အခြားအခန်းမှာ မီးဖိုချောင်အခန်းမှာတော့ သူတစ်ယောက်တည်းပေါ့။ အဲဒီအချိန်မှာ ရောက်လာတာလို့ တိုင်ချက်ဖွင့်ထားပါတယ်” ဟုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ဓားထောက် လည်ပင်းညှစ်ကာ မုဒိမ်းကျင့်သည်ဟုဆိုသည့် အမျိုးသားမှာ တောင်ဥက္ကလာပမြို့နယ် (၅) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိပြီးနောက်ပိုင်းတွင် တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ)၁၀၄၄။၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။