ကျွဲ၊ နွားများ တင်ဆောင်လာသော ကားများကို လက်နက်ကိုင် အဖွဲ့အစည်းများက ဆက်ကြေးကောက်မှုများရှိနေပြီး မပေးပါက သေနတ်ဖြင့်ပစ်ခတ်မှုများရှိဟုဆို

ကျွဲ၊ နွားများ တင်ဆောင်လာသော ကားများကို လက်နက်ကိုင် အဖွဲ့အစည်းများက ဆက်ကြေးကောက်မှုများရှိနေပြီး မပေးပါက သေနတ်ဖြင့်ပစ်ခတ်မှုများရှိဟုဆို
Published 10 September 2018

စက်တင်ဘာ ၈ ရက်ကေ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ကျွဲများတင်ဆောင်လာသည့်ယာဉ် တစ်စီးအား တွေ့ရစဉ်

မော်တော်ယာဉ်များပေါ်တွင် ကျွဲ၊ နွား များ တင်ဆောင်လာသော ကားများအပေါ် ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းများက ဆက်ကြေးကောက်မှုများရှိနေပြီး မပေးပါက သေနတ်ဖြင့် ပစ်ခတ်မှုများရှိသည်ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ဒေသခံအချို့က ပြောကြားသည်။

စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျွဲများတင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့ သေဆုံးခဲ့ရသည်။

“သိပ်မကြာခင်ကာလမှာ လွှတ်တော်ကနေပြီးတော့ တရားမဝင် မှောင်ခိုသွားနေမယ့်အစား တရားဝင်ကုမ္ပဏီက လိုင်စင်နဲ့ သွားပါဆိုပြီး ခွင့်ပြုလိုက်တယ်။ အဲဒီလို ခွင့်ပြုလိုက်တဲ့အခါမှာ ဘာတွေ ဖြစ်လာသလဲဆိုတော့ လိုင်စင်နဲ့တရားဝင်ပါမစ်နဲ့သွားတဲ့ နွားကားတွေဟာ ဒီဘက်ကို ဝင်လာရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက အခွန်တွေ ကောက်တာရှိတယ်။ မပေးရင် ပစ်တာပေါ့ဗျာ” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခင်က တရုတ်နိုင်ငံဘက်သို့ ကျွဲ၊ နွားများ အရှင်တင်ပို့ခွင့်ကို တားဆီးပိတ်ပင်ခဲ့သော်လည်း တရားမဝင် မှောင်ခိုသွားလာမှုများရှိနေသည့်အတွက် မကြာသေးခင်ကာလမှ တရုတ်နိုင်ငံဘက်သို့ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ ကျွဲ၊ နွားများ အရှင်တင်ပို့ခွင့်ကို တရားဝင်ခွင့်ပြုခဲ့ခြင်းသည်။

ထိုသို့ တရားဝင် ခွင့်ပြုပေးထားသော်လည်း တရားမဝင် မှောင်ခိုရောင်းဝယ်မှုများ ရှိနေဆဲပင်ဖြစ်ပြီး တရားဝင် သွားသည်ဖြစ်စေ၊ တရားမဝင်သွားသည်ဖြစ်စေ ကျွဲ၊ နွားများ တင်ဆောင်လာသော ကားများအပေါ် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက အခွန်ကောက်ခံသည်ဖြစ်ရာ အခွန်မပေးဘဲ မောင်းပြေးသော ကားများအား လက်နက်ကိုင်အဖွဲ့အစည်းများက သေနတ်ဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ လကဆိုရင် တရားမဝင် လိုင်စင်အတုနဲ့ နွားကားအတု ငါးစီး အဖမ်းခံရတယ်။ အဖမ်းမခံရတဲ့ကားတွေ ဘယ်လောက် ရှိနေမတုန်း။ အဲဒီတော့ အဲဒီလို အတုတွေ ရှိသလို အရင်လိုပဲ ဘာလိုင်စင်မှမရှိ ဘာပါမစ်မှ မရှိဘဲ မှောင်ခိုသွားနေတာတွေလည်း ရှိတာပဲ။ နားလည်မှုနဲ့ သွားကြတာပေါ့။ ကျွန်တော်တို့က သိတော့ သိနေတာပဲ။ ဒါပေမဲ့ ဖမ်းပေးလို့မှ မရတာ။ ပြောပေးလို့ပဲရတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောကြားသည်။

“နွားမှောင်ခိုလုပ်နေတာလည်း နှစ်ပေါင်းကို ကြာလှပြီ။ တောလမ်းကနေ သွားနေကြတာ။ တောလမ်းကနေ သွားတော့လည်း ကျွန်တော်တို့နယ်မြေတွေက မအေးချမ်းတော့ အခွန်အခတွေပေးပြီး သွားရတာပေါ့။ နောက်ပိုင်းမှာကျတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စပြီးတော့ ကားတွေနဲ့ တင်ကြတယ်။ ကားတွေနဲ့ တင်ကြပေမယ့် တရားဝင် မဟုတ်ပါဘူး။ အဲဒီလို သွားလာနေကြတာပဲ။ နောက်ပိုင်းမှာကျတော့ အနည်းအကျဉ်းပေါ့လေ။ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သွားလာနေကြတယ်။ ခွင့်ပြုချက်ဆိုပေမယ့် ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စားဝတ်နေရေးအတွက် လုပ်ပေးရတာပဲ” ဟု ၎င်းက ဆက်လက်ပြောပြသည်။

ယခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ ကျောက်မဲမြို့နယ်အတွင်း ကျွဲ၊ နွားများ တင်ဆောင်လာသော ကားများကို အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းများက သေနတ်ဖြင့် ပစ်ခတ်မှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ ပစ်ခတ်မှုများကြောင့် သေဆုံးသူ ရှစ်ဦး ဒဏ်ရာရရှိသူ ကိုးဦးရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်  ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ တအန်းလက် နက်ကိုင်အဖွဲ့ (TNLA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နှင့် ပြည်သူ့စစ်အဖွဲ့များ ရှိနေသည်။