<

မုဒုံမြို့ ၀က်တဲကျေးရွာတွင် သေနတ်ကိုင်ဆောင်ထားသူ တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

သေနတ်ကိုင်ဆောင် ပစ်ခတ်သူအား ဖမ်းဆီးရမိစဉ်

မုဒုံမြို့နယ် ၀က်တဲကျေးရွာ၌ စက်တင်ဘာ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က သေနတ်ကိုင်ဆောင်ထားသူ တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များကြား သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုဒုံမြို့ မြို့မ (၂) ရပ်ကွက်၊ ရွှေညောင်ပင်ရပ်၊ ရထားသံလမ်းဘေး၌ သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးမြအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မုဒုံမြို့မရဲစခန်းမှူး (ခေတ္တ) ရဲအုပ်ဝင်းဇော်ဌေး၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ငြိမ်းချမ်းနှင့် တပ်ဖွဲ့များမှ သွားရောက်စစ်ဆေးရာမှ အဆိုပါ သေနတ်ကိုင်ဆောင်ထားသူမှာ ရထားလမ်းအတိုင်း မုဒုံမြို့နယ်၊ ၀က်တဲကျေးရွာသို့ ထွက်ပြေးသွားသဖြင့် တပ်ဖွဲ့ဝင်များမှ ထက်ကြပ်မကွာ လိုက်သွားရာ ၀က်တဲကျေးရွာ လယ်ကွင်းများရှိသည့် နေရာ၌ သေနတ်ကိုင်ဆောင်ထားသူမှာ နောက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်လာသည်ကို မြင်တွေ့သောကြောင့် ပြေးလွှားစဉ် ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် ပစ်ခတ်ပြီး လယ်ကွင်းအတိုင်း ဆက်လက်ထွက်ပြေး သွားပြီးနောက် ၀က်တဲချောင်းအတွင်း စက်လှေဖြင့် ထွက်ခွာသွားကြောင်း၊ ထိုသို့ ၀က်တဲချောင်းအတိုင်း စက်လှေဖြင့် ထွက်ခွာလာစဉ် ဖမ်းဆီးရေးအဖွဲ့မှ ရဲအုပ်ငြိမ်းချမ်းနှင့် ရဲတပ်ကြပ်မြင့်သိန်းတို့ အဖွဲ့မှ BA-94 နှင့် 12 ဗို့ ပြောင်းချော (ပန့်အက်ရှင်) သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ရာ သေနတ်ကိုင်ဆောင်ထားသူ၏ ကျောကုန်းနှင့် တံတောင်ဆစ်နှစ်ဖက်၌ ရာဘာကျည် ထိမှန်ခဲ့ပြီး သေနတ်မြှောက် အဖမ်းခံခဲ့ကြောင်း၊ ဖမ်းဆီးရမိခဲ့သူမှာ ဦးအောင်မြတ် (ခ) အုန်းမှုတ် (၅၅ နှစ်) (ဘ) ဦးစံမင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ မုဒုံမြို့ မြို့မ (၂) ရပ်ကွက် မြစံပယ်လမ်းတွင် နေထိုင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ နေထိုင်နေသူဖြစ်ကြောင်း၊ ၎င်းထံမှ အမေရိကန်နိုင်ငံလုပ် Coult, Super Automatic – 22 သေနတ်နံပါတ် 187/274 ပစ္စတို သေနတ်တစ်လက်အား ကျည်ကျန် လေးတောင့်နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်းထံမှ သိရသည်။

“သေနတ်နဲ့အတူ ဖမ်းဆီးရမိခဲ့သူကို ရာဇသတ်ကြီးပုဒ်မနဲ့ တစ်မှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ တစ်မှု အမှုဖွင့်လှစ်ထားပါတယ်။ ပစ်ခတ်မှုတွေကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်တာ မရှိပါဘူး” ဟုမုဒုံမြို့မရဲစခန်းမှ ရဲအုပ်ငြိမ်းချမ်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးအောင်မြတ် (ခ) အုန်းမှုတ်အပေါ် မုဒုံမြို့မရဲစခန်းမှ (ပ) ၁၄၉၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၇ ဖြင့်လည်းကောင်း၊ (ပ) ၁၄၉၉/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ-၁၉ (စ) ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

September 8, 2018














Copy Protected by Chetan's WP-Copyprotect.