စားသုံးသူရေးရာဦးစီးဌာနသို့ အွန်လိုင်းမှတစ်ဆင့် တိုင်ကြားသည့် အမှုပေါင်း ၆၄ ခုရှိလာပြီး ဝန်ဆောင်မှုနှင့် ပတ်သက်သည့် တိုင်ကြားမှု အများဆုံးဖြစ်

စားသုံးသူရေးရာဦးစီးဌာနသို့ အွန်လိုင်းမှတစ်ဆင့် တိုင်ကြားသည့် အမှုပေါင်း ၆၄ ခုရှိလာပြီး ဝန်ဆောင်မှုနှင့် ပတ်သက်သည့် တိုင်ကြားမှု အများဆုံးဖြစ်
Published 7 September 2018

စားသုံးသူရေးရာဦးစီးဌာနသို့အွန်လိုင်းမှတစ်ဆင့် တိုင်ကြားလာသည့် အမှုပေါင်း ၆၄ မှုရှိပြီး ဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုမှာ အများဆုံးဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။

ဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှု အများဆုံးဖြစ်ရာ ၎င်းတို့ထဲမှ တယ်လီကွန်းနှင့် ပတ်သက်သည့်တိုင်ကြားမှုသည် အများဆုံးဖြစ်ပြီး ကုန်ပစ္စည်းတွေနှင့် ပတ်သက်သည့် တိုင်ကြားစာများရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန (ရန်ကုန်) ၏ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောကြားသည်။

အရေးယူမှုနဲ့ ပတ်သက်ပြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူက “အစ်ကိုတို့ဆီလာတိုင်ရင် အစ်ကိုတို့က သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်တွေမှာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီအဖွဲ့မှာ ဥက္ကဋ္ဌက သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်ရဲ့ဝန်ကြီးတစ်ပါးက ဦးဆောင်တယ်။ အတွင်းရေးမှူးက စားသုံးသူရေးရာဦးစီးဌာနရဲ့ သက်ဆိုင်ရာဒေသရဲ့ အကြီးအကဲက တာဝန်ယူတယ်။ အဲဒီအဖွဲ့ကနေပြီးတော့ ဆုံးဖြတ်တယ်။ တိုင်ကြားခံရတဲ့ လုပ်ငန်းရှင်နဲ့ ခေါ်ဆွေးနွေးပြီးတော့ ပထမအဆင့် ညှိနှိုင်းပေးတယ်။ အဲဒီအဆင့်မှာ တော်တော်များများ ပြေလည်ပါတယ်။ တချို့က ငွေကြေးပြန်လျော်ပေးတာတွေရှိတယ်။ တချို့က ပစ္စည်းလဲပေးတာတွေ ရှိတယ်။ အကယ်၍ အဲတာမှ လုပ်လို့မရရင် သူတို့ (အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့) မှာ အရေးယူပိုင်ခွင့်တွေ ရှိတယ်။ အဲဒီလို အဆင့်လိုက် ဖြေရှင်းပေးတယ်။ အဲဒီလိုမှ မလိုက်လျောဘူးဆိုရင် စီမံခန့်ခွဲရေးပြစ်ဒဏ် ချမှတ်လို့ရတယ်။ ဥပမာ ပြင်းထန်စွာ သတိပေးတာရယ်။ ပစ္စည်းဖြန့်ဖြူးခွင့်၊ ရောင်းချခွင့်တွေကို ကာလသတ်မှတ်ပြီး ရပ်နားခိုင်းတာမျိုး၊ သူ့လုပ်ငန်းကို ယာယီပိတ်သိမ်းတာမျိုး အဲဒီလိုလုပ်လို့ရတယ်။ ဒါပေမဲ့ ညှိနှိုင်းတဲ့ အဆင့်တွေမှာပဲ ပြေလည်သွားတာ များပါတယ်” ဟု ပြောကြားသည်။

စားသုံးသူများ စိတ်မကျေနပ်မှုရှိခြင်းနှင့် နစ်နာမှုများရှိပါက အွန်လိုင်းဝက်ဘ်ဆိုက်မှ အလွယ်တကူ တိုင်ကြားနိုင်ရန် ပြီးခဲ့သည့် မတ်လမှစ၍ www.doca.gov.mm/complaint အား အသုံးပြုခဲ့ကြောင်း သိရသည်။

အွန်လိုင်းမှ တိုင်ကြားမှုများတွင် ရန်ကုန်တိုင်းမှ ၅၁ မှု၊ ရှမ်းပြည်နယ်မှငါးမှု၊ မန္တလေးတိုင်းမှနှစ်မှု၊ ဧရာဝတီတိုင်းမှ နှစ်မှု၊ မွန်ပြည်နယ်မှနှစ်မှု၊ နေပြည်တော်မှတစ်မှုနှင့် တနင်္သာရီတိုင်းမှတစ်မှုတို့ဖြစ်ပြီး အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့ တိုင်ကြားခံခဲ့ရကြောင်း သိရသည်။

ယမန်နှစ်က ဖုန်းဖြင့်တိုင်ကြားမှုနှင့် လူကိုယ်တိုင် လာရောက်တိုင်ကြားမှုမှာ ရာဂဏန်းနီးပါးသာ ရှိခဲ့သော်လည်း ယခုနှစ် ဧပြီမှ လက်ရှိအထိ ဖုန်းဖြင့်တိုင်ကြားခြင်း၊ လူကိုယ်တိုင် လာရောက်တိုင်ကြားခြင်းနှင့် အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားခြင်း စုစုပေါင်း တိုင်ကြားသည့်အမှုပေါင်း ၁၅၀ ကျော်ရှိလာခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူက ပြောကြားသည်။