NLD ပါတီတွင် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးများ လုပ်ရဦးမည်ဖြစ်ပြီး တိုင်းပြည်အတွက် ရပ်တည်၍ အလုပ်လုပ်သွားမည်ဟု ဒေါ်သက်သက်ခိုင် ပြောကြား

NLD ပါတီတွင် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးများ လုပ်ရဦးမည်ဖြစ်ပြီး တိုင်းပြည်အတွက် ရပ်တည်၍ အလုပ်လုပ်သွားမည်ဟု ဒေါ်သက်သက်ခိုင် ပြောကြား
Published 4 September 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးများ လုပ်ရဦးမည်ဖြစ်ပြီး တိုင်းပြည်အတွက် ရပ်တည်၍ အလုပ်လုပ်သွားမည်ဟု ပါတီတာဝန်များ ရပ်နားခံခဲ့ရသည့် NLD ပါတီ၏ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

NLD ပါတီ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့နှစ်ဦးကို ပါတီတာဝန်များ ရပ်စဲခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာသက်သက်ခိုင်က စက်တင်ဘာ ၃ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရှေ့ဆက်ပြီး တိုင်းပြည်အတွက်ပဲ ရပ်တည်သွားမှာပါ။ တိုင်းပြည်အတွက်ပဲ ရပ်တည်ပြီး အလုပ်လုပ်သွားမှာပါ။ ပါတီက ကျွန်မကို မထုတ်ပါဘူး။ မထုတ်မချင်းတော့ ကျွန်မ နေလို့ရနေတာပေါ့။ ထုတ်လိုက်တဲ့ တစ်နေ့ကျရင်တော့ ကျွန်မ နေလို့မရတော့ဘူး။ လွှတ်တော်ထဲမှာ ကျွန်မ လုပ်ရတာ လွတ်လပ်တယ်။ လွှတ်တော်ဥပဒေအရ လုပ်တော့လေ။ လွှတ်တော်ထဲမှာတော့ အဆင်ပြေပါတယ်။ ဒီအပေါ်ကို ကျွန်မ သိပ်မတုန်လှုပ်ဘူး။ အဓိက,က ကျွန်မ တိုင်းပြည်အတွက်ပဲ အလုပ်လုပ်ချင်တယ်။ ဒီလိုလုပ်တာ ကျွန်မအပေါ်မှာ လေးကြိမ်မြောက်ပေါ့နော်။ ပထမသုံးကြိမ်တုန်းကတည်းက ကျွန်မသိတာကတော့ ပါတီ တည်ဆောက်ရေးလုပ်ရဦးမယ်။ ပါတီမှာ ပြုပြင်ပြောင်းလဲရေးတွေ လိုနေသေးတယ်။ အဲဒါတော့ ကျွန်မပြောချင်ပါတယ်။ ပါတီကိုလေ” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။ ထိုသို့ ပါတီတာဝန်များ ရပ်စဲခြင်းသည် ပါတီစည်းကမ်း ဖောက်ဖျက်ခြင်းကြောင့်ဟု ပြောသော်လည်း အဆိုပါကိစ္စကို အယူခံဝင်ရန် အစီအစဉ်မရှိကြောင်း ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်က ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ သြဂုတ် ၂၇ ရက် ရက်စွဲဖြင့် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်ကို ပါတီတာဝန်များ ရပ်စဲခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်များ အနေဖြင့် မြို့နယ်အလုပ်အမှုဆောင်အဖြစ် အော်တိုခန့်အပ်ခြင်း ခန့်အပ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent