မောင်တောမြောက်ပိုင်း၊ ခမောင်းဆိပ်ဈေးမှ တိုင်းရင်းသားဈေးဆိုင်များအား အကြမ်းဖက်သမားများက ဖျက်စီးကာ ပစ္စည်းများ ယူငင်သွားခဲ့ကြောင်း သတင်းရရှိ

မောင်တောမြောက်ပိုင်း၊ ခမောင်းဆိပ်ဈေးမှ တိုင်းရင်းသားဈေးဆိုင်များအား အကြမ်းဖက်သမားများက ဖျက်စီးကာ ပစ္စည်းများ ယူငင်သွားခဲ့ကြောင်း သတင်းရရှိ
Published 29 August 2017

ယနေ့ (သြဂုတ်လ ၂၉ ရက်) နေ့လယ်ပိုင်းက မောင်တောမြောက်ပိုင်း၊ ခမောင်းဆိပ်ဈေးရှိ တိုင်းရင်းသား ဈေးဆိုင်များအား အကြမ်းဖက်သမားများ ဖျက်စီးကာ ပစ္စည်းများကို ယူငင်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဈေးတွင် ရခိုင်တိုင်းရင်းသားများ၏ ဈေးဆိုင် ၁၅ ဆိုင်ခန့်၊ လွတ်ရောင်းဆိုင် ၁၀ ဆိုင်ခန့်နှင့် စားသောက်ဆိုင်များ ပါဝင်ကြောင်း သိရပြီး ယင်းဈေးတွင် တိုင်းရင်းသားများ နေထိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။

ဈေးဆိုင်ပိုင်ရှင် ဒေါ်မစောသိန်းက "ကျွန်မမှာက စားသောက်ဆိုင်မှာ ကုန်ပစ္စည်းအသစ် တင်ထားတွေတောင် အများကြီးရှိတယ်။ သိန်းရာချီပြီး ကုန်တွေရှိတယ်ရှင့် ။ ဒီနေ့နေ့လယ်ပိုင်းမှာတော့ အကြမ်းဖက်သမားတွေက ဈေးကိုလာပြီး ဆိုင်ခန်းတွေကိုဖျက်စီးတယ်။ ဆိုင်ကပစ္စည်းတွေကို အကုန်ယူငင်သွားကြတယ်လို့ သိရတယ်။ ကျွန်မတို့ကတော့ တမန်းသားမှာ ပိတ်မိနေတဲ့အတွက် ခမောင်းဆိပ်ကိုလည်း သွားဖို့အဆင်မပြေဘူး။ ဆိုင်ခန်းက ဈေးမှာဆောက်ထားတဲ့ ဆိုင်ခန်းပါ။ ဈေးဖြစ်နေတာကြောင့် လုံခြုံရေးကလည်း ရှိမှာမဟုတ်ဘူးလို့ ထင်ပါတယ်" ဟုလည်း ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ခမောင်းဆိပ်ကို မြို့အဖြစ် သတ်မှတ်ထားကြောင်းနှင့် ဌာနဆိုင်ရာရုံး အချို့လည်း ရှိနေကြောင်း သိရသည်။