<

မန္တလေးမြို့ ကမ်းနားလမ်းတွင် မူးယစ်ဆေးဝါး သုံးစွဲသူများ ခိုအောင်းနိုင်သည့် ကျူးကျော်တဲ ၃၃၈ တဲကို ရှင်းလင်း

မူးယစ်ဆေးဝါး သုံးစွဲနေသူများ ခိုအောင်းနိုင်သည့် ကျူးကျော်တဲများအား ရှင်းလင်းနေစဉ်

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း တစ်လျှောက်တွင် မူးယစ်ဆေးဝါး သုံးစွဲနေသူများ ခိုအောင်းနိုင်သည့် ကျူးကျော်တဲများကို ရှင်းလင်းခဲ့ရာ သြဂုတ် ၂၈ ရက်အထိ တဲပေါင်း ၃၃၈ လုံး ရှင်းလင်းပြီး ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၂၇ ရက်မှ စ၍ ဖျက်သိမ်းခဲ့သည့် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း ၁၂ လမ်းနှင့် ၂၂ လမ်းကြားရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ အလွယ်တကူ ခိုအောင်းနိုင်သည့် ကျူးကျော်တဲ ၃၃၈ လုံးအထိ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်အချို့ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သတင်းများ ထွက်ပေါ်ခဲ့သော ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာနှင့် ကမ်းနားလမ်း ကျူးကျော်နေအိမ်များကို ရဲတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးစစ်ဆေးမှုများ မကြာခဏဆိုသလို ပြုလုပ်ခဲ့ပြီး ကျော်စောသတင်းရှိ နေအိမ်များကို စည်ပင်သာယာ ဥပဒေအရ ဖျက်သိမ်းခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်းမှာပင် မန္တလေးမြို့ ဧရာဝတီမြစ်နံဘေး ကမ်းနားရှိ နေအိမ်တစ်လုံးတွင် လူတချို့က အုပ်စုလိုက် မူးယစ်ဆေးဝါး သုံးစွဲနေသည့် ဗွီဒီယိုဖိုင်တစ်ခု သြဂုတ် ၁၉ ရက် ညပိုင်းက ဖေ့စ်ဘွတ်တွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဗွီဒီယိုဖိုင် ပေါ်ထွက်လာပြီးနောက် မူးယစ်တပ်ဖွဲ့က ဦးဆောင်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့အပါအ၀င် ပူးပေါင်း၍ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ပြီး ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်တဲများကို ဖျက်သိမ်းခဲ့ရာ ရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“ကမ်းနားလမ်း ကျူးကျော်တဲတွေကို တာဝန်ယူ ဖျက်သိမ်းတာက စည်ပင်သာယာကပါ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်ပေးရတာပါ”ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာရှိ ကျူးကျော်နေအိမ်များကို ဖျက်ဆီးရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စာရင်းကောက်ယူမှုများ ပြုလုပ်နေစဉ် ကျူးကျော်နေအိမ်များ ထပ်မံ တည်ဆောက်လာသောကြောင့် ကျူးကျော်လာသည့် နေအိမ်ပေါင်း ၄၀၀ ကျော်ကို စည်ပင်သာယာက ဖျက်သိမ်းရာ ထိုသို့ ဖျက်သိမ်းနေစဉ် လာရောက် ဆန္ဒထုတ်ဖော်ခဲ့သူ ခုနစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

မန္တလေးမြို့ပေါ်ရှိ ကျူးကျော်နေထိုင်သူများကို စီမံချက်ချ ရှင်းလင်းမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အစိုးရ၏ ဒုတိယ တစ်နှစ်တာ ကာလ ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

 

August 30, 2018














Copy Protected by Chetan's WP-Copyprotect.