မန္တလေး ပဲဈေးကွက်အတွင်း ပဲကုန်စည်တန်ဖိုး ငွေကျပ် သိန်းတစ်ထောင်ကျော် ပေးချေမှုမရှိဘဲ လိမ်လည်ထွက်ပြေးမှု ဖြစ်ပွား

မန္တလေး ပဲဈေးကွက်အတွင်း ပဲကုန်စည်တန်ဖိုး ငွေကျပ် သိန်းတစ်ထောင်ကျော် ပေးချေမှုမရှိဘဲ လိမ်လည်ထွက်ပြေးမှု ဖြစ်ပွား
Published 30 August 2018

မန္တလေးမြို့ ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ် ပြုလုပ်နေစဉ်

မန္တလေး ပွဲစားကုန်သည် စက်ပိုင်များ ကထိန်တော်အသင်းတွင် သြဂုတ် ၂၈ ရက်က အသင်းဝင်တစ်ဦး၏ ကိုယ်စားလှယ်တစ်ဦးဆိုသူက ပဲပစ္စည်း တန်ဖိုးငွေကျပ် သိန်း တစ်ထောင်ကျော်ကို ပေးချေမှုမရှိဘဲ လိမ်လည် ထွက်ပြေးမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

မန္တလေးမြို့ ကုန်စည်ဒိုင်အနေဖြင့် ငွေရေး၊ ကြေးရေး အခက်အခဲနှင့် အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ထားကြောင်း၊ ကြိုရောင်း၊ ကြိုဝယ် မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ၁၀ ရာခိုင်နှုန်း စပေါ်တင် ပြုလုပ်ကြရန် အသိပေး ကြေညာချက်ကို ယခင်က ကြော်ငြာထားပြီး ၂၀၁၈ ခုနှစ်တွင် ငွေကြေးလိမ်လည်မှုများ မဖြစ်ပွားလာစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ထပ်မံ၍ ကြော်ငြာချက် ထုတ်ပြန်ထားကြောင်း အဆိုပါအသင်းထံမှ သိရသည်။

မန္တလေးမြို့ ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(ကုန်စည်ဒိုင်) အသင်းဝင်တစ်ဦး၏ ကိုယ်စားလှယ်ဆိုသူသည် အသင်းသား ၁၉ ဦးထံမှ ငွေကျပ် သိန်း ၁၁၀၀ ကျော် တန်းဖိုးရှိ ကုန်ပစ္စည်းများ ဝယ်ယူခဲ့ပြီးနောက် ငွေကြေးမရှင်းနိုင်ဘဲ လက်ရှိအချိန်တွင် ထွက်းပြေး တိမ်းရှောင်နေကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) မှ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်က ပြောကြားသည်။

“ကျွန်တော်တို့ အသင်းကြီးမှာ မနေ့က ငွေကြေးပဋိပက္ခတစ်ခု ဖြစ်သွားခဲ့တယ်။ ဖြစ်သွားတဲ့သူက အသင်းသား မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းမှာက အသင်းသားတစ်ဦးမှာ ကိုယ်စားလှယ်အနေနဲ့ နှစ်ယောက် ထားခွင့်ရှိပါတယ်။ အဲဒီအထဲက ကိုယ်စားလှယ်နဲ့ ဖြစ်ပျက်သွားတာပါ။ ဖြစ်ပျက်တာက သူ့ဆီရောင်းတဲ့ အသင်းသားပေါင်းက ၁၉ ဦး ရှိပါတယ်။ ကျပ် ၁၁၁၉ သိန်းကျော် ဖြစ်ပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့ ဖြေရှင်းပေးမှာပါ။ အခု လိမ်လည်ပြီး ကုန်ဝယ်သွားတဲ့ ကိုယ်စားလှယ်က ထွက်ပြေးသွားပါပြီ။ ကျွန်တော်တို့လည်း သူ့ကို ရှာဖွေမှာပါ။ အသင်းပေါ်မှာ ပဋိပက္ခဖြေရှင်းဖို့ တာဝန်ရှိတဲ့သူတွေက ဖြေရှင်းပေးသွားမယ်” ဟု မန္တလေး ပွဲစားကုန်သည် စက်ပိုင်များ ကထိန်တော်အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်က ပြောကြားသည်။

မန္တလေးမြို့ ကုန်စည်ဒိုင်အနေဖြင့် ငွေရေး၊ ကြေးရေး အခက်အခဲနှင့် ပြဿနာများ မဖြစ်ပွားအောင် ရှေ့နေ လေးဦးဖြင့် ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ပါက ရောင်းသူ၊ ဝယ်သူမှ စပေါ်ငွေ ၁၀ ရာခိုင်နှုန်း တင်ပြီး စာချုပ်ချုပ်ငွေကြေးကို ဘဏ်တစ်ခုတွင် အကောင့်တစ်ခု ဖွင့်ပြီး အပ်ထားပြီး ရောင်းသူဝယ်သူအပေါ် ကော်မရှင် ကောက်ခံထားမှုမရှိဘဲ ငွေကြေးလိမ်လည်မှုများ မဖြစ်ပေါ်စေရန် ဝင်ရောက် ထိန်းသိမ်းပေးသည့် သဘောဖြစ်ပြီး ကုန်စည်ဒိုင်အနေနှင့် အကျိုးအမြတ်ယူထားမှု မရှိကြောင်း သိရသည်။

Most Read

Most Recent