တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း ကမ်ပိန်းကို လူ ၁၀၀၀ ခန့် ဆိုင်ကယ်စီးနင်းပြီး မြို့တစ်ပတ် လှည့်လည်သရုပ်ဖော်

တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း ကမ်ပိန်းကို လူ ၁၀၀၀ ခန့် ဆိုင်ကယ်စီးနင်းပြီး မြို့တစ်ပတ် လှည့်လည်သရုပ်ဖော်
Published 30 August 2018

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် သြဂုတ် ၂၉ ရက်က မော်တော်ဆိုင်ကယ် ဦးထုပ်ဆောင်းခြင်း ကမ်ပိန်းကို လူ ၁၀၀၀ ခန့် မော်တော်ဆိုင်ကယ်များဖြင့် မြို့တစ်ပတ် လှည့်လည်ကာ သရုပ်ဖော်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့သည် စစ်တမ်းများအရ ဆိုင်ကယ်ဦးထုပ်ဆောင်းကာ စည်းကမ်းလိုက်နာမှု ရာခိုင်နှုန်း ၉၀ ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ယာဉ်စည်းကမ်းလိုက်နာသော စံပြမြို့အဖြစ် သတ်မှတ်ခြင်းခံရကြောင်း၊ အဆိုပါ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း၍ နေ့ရောညပါ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ စည်းကမ်းတကျမောင်းနှင်ကြရန် ရည်ရွယ်ချက်ဖြင့် 'မနက်ဖြန်များစွာ ဖြတ်သန်းဖို့ ဆိုင်ကယ်ဦးထုပ်ဆောင်းကြစို့' ကမ်ပိန်း ကို ပြုလုပ်ခြင်းဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး ကွန်ရက်မှ ဦးဝင်းနိုင်စိုးက ဆိုသည်။

အဆိုပါကမ်ပိန်းကို သြဂုတ် ၂၉ ရက် တွင် ဆိုင်ကယ်အစီးရေ ၁၀၀၀ ခန့်က အသိပညာပေး တံဆိပ်စာတန်းများ ရိုက်နှိပ်ထားသော တီရှပ်များဝတ်ဆင်ကာ တောင်ကြီးတက္ကသိုလ်စုရပ်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း တောင်ကြီးအဆင်းလမ်းအတိုင်းဆင်းကာ ပစောက်ကွေ့မှ အတက်လမ်းအတိုင်း ပြန်တက်လာပြီး မြင်းရုပ်မီးပွိုင့်မှ အရှေ့မြို့ပတ်လမ်းအတိုင်း တောင်ကြီးတက္ကသိုလ်သို့ ဝင်ရောက်ခြင်းဖြစ်ကာ ဆိုင်ကယ်များ စီးနင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါကမ်ပိန်းကို ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက် ခြင်းဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်ခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းစေချင်တဲ့ ရည်ရွယ်ချက်ပေါ့။ အရည်အသွေး ပြည့်မီတဲ့ ဦးထုပ်ဆောင်းရမယ်။ မေးသိုင်းကြိုး တပ်ရမယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ကြတာပေါ့။ ၂၀၁၄ ခုနှစ်က စပြီးတော့ ယာဉ်တွေ များလာတယ်။ လမ်းတွေချဲ့လာ တယ်။ ယာဉ်တွေအရှိန်နဲ့ မောင်းနှင်လာတော့ စည်းကမ်းမလိုက်နာတာတွေ တွေ့လာရတယ်။ ၂၀၂၀မှာ ထက်ဝက်လျှော့ချရမယ်ဆိုတဲ့ စီမံချက်ရှိပါတယ်။ဒါကြောင့်မို့ပညာပေး လုပ်ငန်းတွေတိုးမြှင့်ပြီးဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ကမ်ပိန်းလုပ်တယ်ဆိုတာ ပြည်သူလူထုက ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို နားလည်ပြီးတော့ အမှန်တကယ် လိုက်နာစေချင်တဲ့ ဆန္ဒနဲ့ ဒီလိုလိုက်နာမှလည်း ယာဉ်တိုက်မှုနှုန်းတွေ ကျဆင်းသွားမှာဖြစ်တဲ့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ အဓိကထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု အမှတ် (၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး(ရှမ်းတောင်) မှ တပ်ဖွဲ့စုမှူး ရဲမှူးမျိုးဇော်အောင်က ပြောကြားသည်။