ဆွာရေကြီးမှုတွင် လူတစ်ဦးသေဆုံးကာ ခြောက်ဦး ပျောက်ဆုံးနေပြီး လူ ခြောက်သောင်းကျော် ရေဘေးသင့်

ဆွာရေကြီးမှုတွင် လူတစ်ဦးသေဆုံးကာ ခြောက်ဦး ပျောက်ဆုံးနေပြီး လူ ခြောက်သောင်းကျော် ရေဘေးသင့်
Published 29 August 2018

ဆွာရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းတွင် လာရောက်ခိုလှုံနေသူများအား တွေ့ရစဉ်

ဆွာရေကြီးမှုတွင် လူတစ်ဦးသေဆုံးကာ  ခြောက်ဦး ပျောက်ဆုံးနေပြီး လူ ခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း ပဲခူတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က ပြောကြားသည်။

အဆိုပါစာရင်းမှာ သြဂုတ် ၂၉ ရက် မွန်းလွဲ ၁ နာရီကျော်က ရရှိသော သတင်းဖြစ်ပြီး ပျောက်ဆုံးနေသည့် ခြောက်ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ရေထဲမျောပါတာကတော့ သေမသေ မသိသေးဘူး၊ တစ်ယောက်ကတော့ အလောင်းပြန်တွေ့တယ်၊ သေသွားတာက အဘွားကြီးတစ်ယောက်ပါ” ဟု ဒေါက်တာ ကျော်ကျော်က ဆိုသည်။

ရေကြီးမှုကြောင့် ပဲခူတိုင်းဒေသကြီး တောင်ငူခရိုင်ရှိ ကျေးရွာအုပ်စု ၁၇ ရွာတွင် ပါဝင်သည့် ရွာ ၈၅ ရွာ ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ထားကြောင်း ဒေါက်တာ ကျော်ကျော်က ပြောကြားသည်။

ဆွာဆည်မှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးပေါ် ဆွာဆည်ရေကျော်လွန်ခြင်း၊ ၁၆၅ မိုင်အနီး အမြန်လမ်းမကြီးတံတား အနည်းငယ် နိမ့်ဆင်းနေခြင်းတို့ကြောင့် မော်တော်ယာဉ်များအား သွားလာခွင့် မပြုသေးဘဲ လမ်းပိတ်ထားခြင်း၊ တံတားကြံံ့ခိုင်မှုများအား စစ်ဆေးဆောင်ရွက်ခြင်းတို့ ပြုလုပ်နေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းကာ ရေကြီးရေလျှံခြင်းကြောင့် ရန်ကုန်-မန္တလေး လမ်းမကြီးဟောင်းနှင့် အမြန်လမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိနေပြီး ဆွာချောင်း အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများမှာ ရေဘေးလွတ်ရာများသို့ အရေးပေါ် ရွှေ့ပြောင်းနေရကာ တောင်ငူခရိုင်မှ ဆည်မြောင်းတာဝန်ရှိသူများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပရဟိတ အသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်း သိရသည်။