<

ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ရန်ကုန်တိုင်းအတွင်းရှိ မြစ်၊ ချောင်းများအား ရေထိန်းတံခါးများ တပ်ဆင်မည်

သြဂုတ်လဆန်းပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ရန်ကုန်တိုင်းအတွင်းရှိ မြစ်၊ ချောင်းများအား ရေထိန်းတံခါးများ တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်တော်တို့တိုင်း အတွင်းမှာ ရေကြီးရေလျှံမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းဖို့အတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ပါတယ်။ ဒီအခြေအနေကတော့ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေလာပြီ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်း ရေနုတ်မြောင်းများကို ပြုပြင်ရမည်ဖြစ်ကြောင်း၊ JICA နှင့် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၇၈ သန်း၊ ပြည်ထောင်စုအစိုးရမှ မြို့တော်စည်ပင်သာယာအား ချေးငွေစနစ်တစ်ခုဖြင့် ပြင်ဆင်နေကြောင်း၊ ရေနုတ်မြောင်းများ ပြင်ဆင်နိုင်ပါက ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုအား ထိန်းနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့မှာ ချောင်းခုနစ်ချောင်း ရှိပါတယ်။ ဒါကတော့ ရန်ကုန်မြို့ထဲမှာ စီးနေတဲ့ ချောင်းတွေဖြစ်ပါတယ်။ ရေနုတ်မြောင်းထဲက ရေတွေကို ချောင်းတွေကတစ်ဆင့် မြစ်ထဲကို ပို့ရတာဖြစ်တယ်။ မြစ်ထွက်ပေါက်တွေလည်း ရှိပါတယ်။ ဒီနေရာတွေမှာ ရေတံခါးတပ်ဆင်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ် အကူအညီနဲ့ ရေတံခါးတွေ တပ်ဆင်နိုင်ဖို့ YCDC ဘတ်ဂျက်နဲ့ မြစ်ချောင်းတွေကို ပြုပြင်နိုင်ဖို့ ချောင်းတွေကို ဆယ်ပြီး အဲဒီမှာ ရေတံခါး တပ်ဆင်ထားမယ် ဆိုရင်တော့ ဒီရေတွေကို ထိန်းထားနိုင်မယ်။ မြို့ထဲမှာ မိုးရွာလို့ ကျလာတဲ့ ရေတွေကိုလည်း ချောင်းထဲကနေ ပိုက်နဲ့တစ်ဆင့် မြစ်ထဲကို စွန့်ပစ်နိုင်ဖို့ ဆောင်ရွက်ကြရမှာဖြစ်တယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ အခြေအနေအား ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ပညာရှင်များဖြင့် လေ့လာဆန်းစစ်ကာ ကမ္ဘာ့ဘဏ် အကူအညီ၊ JICA အကူအညီနှင့် စည်ပင်မှ ပြည်သူ့ဘဏ္ဍာငွေများဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ယင်းအခြေအနေသည်လည်း အတိုင်းအတာ တစ်ခုထိ အောင်မြင်မှု ရရှိနေမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

ရန်ကုန်မြို့အား အစိုးရသစ် စတင်တာဝန်ယူချိန်တွင် ရေကြီးရေလျှံမှု အလွန်များကြောင်း၊ ယခင်က ရန်ကုန်မြို့အား ထောက်ကြန့်ဘက်မှ ၀င်ရောက်လာမည် ဆိုပါက ယင်းနေရာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ငမိုးရိမ်ချောင်းအား ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ရေကြီးရေလျှံမှု မရှိတော့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ စတင်တာဝန်ယူခဲ့တဲ့ ပထမနှစ်ကာလမှာ တိုက်ကြီး-မှော်ဘီဘက်မှာ ရေကြီးရေလျှံမှု တော်တော်များများ ဖြစ်ခဲ့ပါတယ်။ ဒီဘက်နှစ်မှာတော့ ရေကျော်မှု မရှိတော့ပါဘူး။ မြန်မာနိုင်ငံက ရာသီဥတု ပြောင်းလဲမှု အဆိုးရွားဆုံး ခံရနိုင်တဲ့ စာရင်းမှာ ပါပါတယ်။ နိုင်ငံတော်ကနေ ပြည်သူ့ဘဏ္ဍာငွေနဲ့ တည်ဆောက်ထားတဲ့ လမ်းတွေ၊ တံတားတွေဟာ ရေကြီးရေလျှံရင် ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ ရေကြီးသွားခဲ့ရင် ကတ္တရာလမ်းတွေ ပေါက်ပြဲပျက်စီးသွားတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

August 28, 2018














Copy Protected by Chetan's WP-Copyprotect.