မိုးနှောင်းကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်သဖြင့် ရေကြီးရေလျှံမှုကို ဆက်လက်သတိပြုရန်လို

မိုးနှောင်းကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်သဖြင့် ရေကြီးရေလျှံမှုကို ဆက်လက်သတိပြုရန်လို
Published 29 August 2018

သြဂုတ်လဆန်းပိုင်းက ပဲခူးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)

မိုးနှောင်းကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲနိုင်သဖြင့် ရေကြီးရေလျှံမှုအား ဆက်လက်သတိပြုရန်လိုကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“မိုးနှောင်းမှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကိုတော့ မဝင်ဘူး။ ဒါပေမဲ့ မိုးတော့ရမယ်။ စက်တင်ဘာမှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ရင် ၁၀ ရက်တစ်ကြိမ်လောက် ဖြစ်မယ့်သဘောရှိတယ်။ အဲဒီတော့ မိုးရမယ်။ မိုးရရင် မြစ်ထဲမှာ ရေကများလာနိုင်တယ်။ ပင်လယ်ဘက်က ရေတက်ရေကျရှိမယ်။ အဲဒီဟာနဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်တာနဲ့ သွားတိုက်ရင် မြစ်တွေထဲက ရေတွေက ပင်လယ်ထဲကို မထွက်နိုင်တော့ဘူး။ ဇလွန်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပန်းတနော်တို့၊ မြစ်ဝကျွန်းပေါ် ဒေသတွေ ရေသွားကြီးနိုင်တယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတွင်လည်း ရေကြီးရေလျှံမှုကို သတိပြုရန်လိုကြောင်း၊ ရွှေကျင်၊ စစ်တောင်း မြစ်ရေတို့သည် ပဲခူးလွင်ပြင်ဘက်တွင်လည်း ရေကြီးနိုင်ကြောင်း၊ ယခုဖြစ်စဉ်သည် တတိယ ရေကြီးကာလ ဖြစ်ကြောင်း၊ မုန်တိုင်းဖြစ်မည့် အရေအတွက် များနေသဖြင့် ရေကြီးရေလျှံမှု များပြားလာနိုင်ကြောင်း ဦးချစ်ကျော်က ပြောကြားသည်။

“ဘယ်လောက်ပမာဏထိ မိုးများမယ် ဆိုတာကို မပြောနိုင်ဘူး။ ဒီလိုဖြစ်တဲ့အတွက် မိုးရမယ့် ပမာဏများတယ်။ ဒီရေအတက်အကျနဲ့ဆိုရင် ရေကြီးရေလျှံမှု ကြာသွားနိုင်တယ်။ ပြည်သူလူထုကို ဒေသအာဏာပိုင်တွေက ကြိုတင်ပြင်ဆင်ဖို့ လုပ်ရမယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မိုးနှောင်းကာလ မိုးလေဝသ ခန့်မှန်းချက်တွင် စက်တင်ဘာ ၁ ရက်မှစပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့်နေ့ကို မိုးနှောင်းကာလအဖြစ် သတ်မှတ်ကြောင်း၊ အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်မှ ၂၇ ရက်အတွင်း အလယ်ပိုင်း ဒေသများမှလည်းကောင်း၊ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှ လည်းကောင်း၊ အောက်တိုဘာ ၄ ရက်မှ ၉ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ဆုတ်ခွာဖွယ်ရှိကြောင်း သိရသည်။

“မုတ်သုံလေက မြစ်ဝကျွန်းပေါ်ကနေ အောက်တိုဘာ ၃ ရက်နေ့ ထွက်မယ်ဆိုရင် တောင်ပိုင်းဒေသက ၁၀ ရက်နေ့မှာ ထွက်မယ်။ နောက်လည်းမကျဘူး။ စောလည်း မစောဘူး။ ပုံမှန်ပဲ၊ အရင်တုန်းကဆိုရင် စက်တင်ဘာလကုန်၊ အောက်တိုဘာ ၁ ရက်ဆိုရင် တစ်ပြည်လုံးကနေ မုတ်သုံလေဆုတ်သွားတယ်။ အခုနှစ် မိုးရွာရက်က ရက်ပေါင်း ၁၄၀ လောက်ရှိတယ်။ အရင်နှစ်တွေကဆိုရင် မိုးရွာရက်က ၁၂၀၊ ၁၃၀ လောက်ပဲ ရှိတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအား အနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။

 

Most Recent