စက်ရုံရှေ့တွင် လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒပြနေသည့် ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု တစ်ပတ်ကြာသည်အထိ မရသေး

စက်ရုံရှေ့တွင် လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒပြနေသည့် ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု တစ်ပတ်ကြာသည်အထိ မရသေး
Published 28 August 2018

စက်ရုံရှေ့တွင် လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒပြနေသည့် ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှုများ တစ်ပတ်ကြာသည်အထိ မရသေးကြောင်း သြဂုတ် ၂၇ ရက်က စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း စက်မှုဇုန် (၁) ကနောင်မင်းသားကြီးလမ်းရှိ ဖုယွင် အထည်ချုပ်စက်ရုံတွင် စက်ရုံဘက်က အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ အပါအဝင် ၃၀ ကို သတိပေးခြင်း၊ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်ခဲ့ကြောင်း သိရသည်။

အလုပ်ထုတ်ခဲ့သည့်အပေါ် ကျေနပ်မှုမရှိသဖြင့် စက်ရုံအလုပ်သမား ၂၀၀ ခန့်သည် သြဂုတ် ၂၁ ရက် နံနက်ပိုင်းမှ စတင်ကာ လုပ်ငန်းခွင်မဝင်ဘဲ စက်ရုံရှေ့၌ ထိုင်သပိတ် ဆန္ဒပြလျက် ရှိသည်။

ဆန္ဒပြ အလုပ်သမားများသည် အလုပ်ထုတ်ခံရသော အလုပ်ရပ်စဲသည့် ကြေညာစာကို ပြန်လည် ရုပ်သိမ်းပေးရန်၊ အလုပ်သမားများအား OT (အချိန်ပိုကြေး) မပေးဘဲ အချိန်ပို ခိုင်းစေခြင်း မပြုရန်၊ ကျွမ်းကျင်ကြေးများ တိုးမြှင့်ပေးရန်၊ All Super, Super , Leader များက လုပ်အား ညှစ်ထုတ်စေခိုင်းခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုစေခိုင်းခြင်း မပြုရန် အပါအဝင် အချက် ကိုးချက်ရရှိရန် ဆန္ဒပြ တောင်းဆိုလျက် ရှိသော်လည်း တစ်ပတ်ကြာသည်အထိ တောင်းဆိုမှုများ မရသေးကြောင်း သိရသည်။

“မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးမှာ အလုပ်ရှင်ဘက်နဲ့ ကျွန်မတို့ ညှိတာ လေးခါရှိပြီ။ မပြေလည်သေးဘူး။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၃၀ ကို လုပ်ငန်းရှင်ဘက်က လုံး၀ ပြန်မခန့်ပေးဘူး။ အလုပ်ရှင်ဘက်က အလုပ် လာဆင်းတဲ့ လူတွေအတွက် သပိတ်မှောက်နေတာကို သိမ်းပေးဖို့ ပြောလာတယ်။ ကျွန်မတို့က ကျွန်မတို့ပန်းတိုင် မရမချင်း ဆန္ဒပြနေမယ်။ မဖယ်ပေးဘူး။ သူတို့ဖြုတ်လိုက်တဲ့ လူတွေကို ပြန်ခန့်ရင် ဒီနေ့ပဲ သပိတ်စခန်းကို သိမ်းပေးမယ်” ဟု ဆန္ဒပြ အလုပ်သမားတစ်ဦး ဖြစ်သူ မသဇင်နွယ်က သြဂုတ် ၂၇ ရက်တွင် ပြောကြားသည်။

လုပ်သားအင်အား လျှော့ချခြင်းနှင့် ပတ်သက်၍ ဖုယွင် အထည်ချုပ်စက်ရုံဘက်မှ စက်ရုံရှေ့တွင် အမိန့်ကြေညာစာ တစ်ခု ကပ်ထားပြီး ယင်းစာထဲတွင် စက်ရုံဝန်ထမ်းများကို အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ပေးခဲ့သဖြင့် ကုန်ကျစရိတ်များ ပိုမိုလာကြောင်း၊ စက်ရုံသည် လစဉ် ကုန်ထုတ်လုပ်မှု တိုးတက်လာမှု မရှိဘဲ လုပ်ခလစာ စရိတ်ငွေများသာ ပိုမိုကုန်ကျလာပါသဖြင့် ရေရှည်တွင် စက်ရုံ၏ လုပ်ငန်းမှာ စီးပွားရေးတွက်ခြေကိုက်မှု မရှိတော့ဘဲ အရှုံးပေါ်လျက် ရှိနေကြောင်း၊ ထို့ကြောင့် စက်ရုံတွင် EC စာချုပ်အတိုင်း အလုပ်လုပ်ကိုင်မှု မရှိသူများ၊ ခွင့်မဲ့ ပျက်ကွက်ရက် များပြားသူများ၊ ကုန်ထုတ်လုပ်မှု ကျဆင်းစေရန် ရည်ရွယ်၍ သွေးထိုး လှုံ့ဆော်သူများ၊ စက်ရုံ၏ EC စာချုပ်ပါ စည်းကမ်း သတ်မှတ်ချက်များကို ချိုးဖောက်သူ ၃၀ ကို တည်ဆဲ အလုပ်သမားရေးရာ ဥပဒေပြဋ္ဌာန်းချက်အရ အလုပ်ရပ်စဲမှု နစ်နာကြေးများပေး၍ သြဂုတ် ၂၀ ရက် ညနေပိုင်းမှ စတင်ကာ လုပ်သားအင်အား လျှော့ချလျက် အလုပ်မှ ရပ်စဲသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာစာ ထုတ်ပြန်သည်။

စက်ရုံဘက်မှ ကြေညာချက်တွင် ပါဝင်သော အလုပ်ထုတ်ခံရသော အလုပ်သမားများအတွက် အလုပ်ရပ်စဲမှု နစ်နာကြေး ပေးချေသည်ဆိုသည်မှာ မှန်ကန်မှုမရှိဘဲ မည်သည့်လျော်ကြေးငွေ တစ်စုံတစ်ရာမှ လက်ခံရရှိခြင်း မရှိကြောင်း အလုပ်သမားများထံက သိရသည်။

အလုပ်သမား ၂၀၀ ခန့် စက်ရုံရှေ့တွင် ဆန္ဒပြနေခြင်းနှင့် ပတ်သက်၍ ဖုယွင် စက်ရုံဖုန်းအား ဆက်သွယ်ခဲ့သော်လည်း ဌာနက ယာယီ ပိတ်သိမ်းထားသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။

Most Read

Most Recent