ဟင်္သာတမြို့နယ် နတ်မော်ချောင်းအတွင်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ဟင်္သာတမြို့နယ် နတ်မော်ချောင်းအတွင်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံး
Published 26 August 2018

ဟင်္သာတမြို့နယ် နတ်မော်ချောင်းအတွင်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

အမှတ် (၁၈) ခြေလျင်တပ်ရင်းမှ ကျောင်းသားတစ်ဦး ဟင်္သာတမြို့နယ် နတ်မော်ချောင်းအတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ သြဂုတ် ၂၅ ရက်၊ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့၊ ခ.လ.ရ(၁၈)နှင့် ဒေသခံများက ဝိုင်းဝန်းရှာဖွေခဲ့သော်လည်း အလောင်းကိုသာ ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

“ကလေးကို သူ့အမေက မီးသွေးဝယ်ခိုင်းလိုက်တာ။ သူငယ်ချင်းတွေနဲ့တွေ့တော့ ရေဆင်းဆော့တာ။ သူငယ်ချင်း တစ်ယောက်က မြင်တော့ လှမ်းတားတယ်။ မဆင်းနဲ့ဆိုပြီး လှမ်းတားတာကို အတင်းဆင်းလာတယ် ပြောတယ်။ နစ်သွားတာကို စက်လှေပေါ်က အမျိုးသမီး တစ်ယောက်က မြင်တယ်။ ပထမတော့ နစ်မှန်း မသိဘူး။ နစ်မှန်းလည်း သိရော ဘေးကိုလည်း အော်တယ်။ ကုန်ထမ်းနေတဲ့ သူကလည်း သိသိချင်း ဆင်းဆယ်တယ်။ ဒါပေမဲ့ ဆွဲလို့ မရလိုက်ဘူး။ ကျွန်တော်တို့လည်း ကြားကြားချင်း ပြေးလာတော့ နစ်တဲ့နေရာကိုတော့ လှမ်းမြင်လိုက်တယ်။ အချိန်မီ ဆွဲလို့မရတော့ဘူး။ ရေစီးက သန်နေတယ်။ လူတွေအများကြီး ဝိုင်းရှာမှ တွေ့တယ်။ တစ်နာရီခွဲလောက် ဝိုင်းရှာလိုက်ရတာပေါ့။ အလောင်းပဲ ရတော့တာပေ့ါ” ဟု ဒေသခံ ကိုဝကြီးက ပြောကြားသည်။

ယင်းဖြစ်စဉ်၌ သေဆုံးသူသည် အမှတ် (၁၈)ခြေလျင်တပ်ရင်းမှ တပ်သားကျော်ဦး၏ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ်ရှိ မောင်လင်းထက်မောင် ဆိုသူဖြစ်ပြီး ဟင်္သာတမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆဋ္ဌမတန်းတွင် ပညာသင်ကြားနေသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ ဟင်္သာတမြို့၊ အမှတ်(၁)မြို့မရဲစခန်း၌ ဒုရဲအုပ်ထွန်းထွန်းက တရားလို ပြုလုပ်ကာ သေမှုသေခင်း အမှတ်စဉ် ၁၇/၁၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent