ဇွန်လမှ သြဂုတ်လအတွင်း မွန်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် ကျပ်သန်းပေါင်း ၁၃၄၁၉ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့

ဇွန်လမှ သြဂုတ်လအတွင်း မွန်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် ကျပ်သန်းပေါင်း ၁၃၄၁၉ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့
Published 25 August 2018

ဇူလိုင်လ နောက်ဆုံးအပတ်မှ သြဂုတ်လဆန်းပိုင်းအထိ မွန်ပြည်နယ်အတွင်း မိုးသည်းထန်းစွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ကျိုက်မရောမြို့နယ် ဝါးပျံကုန်းကျေးရွာရှိ ရေမြုပ်နေသည့် လယ်ယာမြေများကို တွေ့ရစဉ်၏

ဇွန်လမှ သြဂုတ်လအတွင်း မွန်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် ကျပ်သန်းပေါင်း ၁၃၄၁၉ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

ဇွန်လနှင့် ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် မွန်ပြည်နယ်၌ လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း၊ လူနေအိမ်ပေါင်း ၃၀၃ လုံး၊ စာသင်ကျောင်းပေါင်း ၂၈ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းပေါင်း ကိုးကျောင်းပျက်ဆီးခဲ့ကြောင်း၊ နေအိမ်အဆောက်အအုံ ၂၃၃၂ လုံးမှာ အုတ်နံရံများပြိုကျခြင်း အပါအဝင်၊ အဆောက်အအုံများ၏ အခြားအစိတ်အပိုင်းများ ပျက်စီးခဲ့ကြောင်း၊ တာတမံ တစ်ခုပြိုကျပျက်စီးခြင်း၊ ကျေးလက်လမ်းနှင့် ခရိုင်ချင်းဆက်လမ်းများပေါ်ရှိ တံတားအစင်းပေါင်း ၂၀ ခန့်နှင့် မြို့ပေါ်လမ်းများ၊ ကျေးလက်လမ်းများအပါအဝင် လမ်းပေါင်း ၁၃ လမ်းခန့်ပျက်စီးခဲ့ကြောင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုအနေဖြင့် သြဂုတ် ၁၇ ရက် အထိ လယ်ဧကပေါင်း ၂၆၇၆၅ ဧကပျက်စီးခဲ့ကြောင်း၊ ကျိုက်မရောမြို့နယ်အတွင်း  လတ်တလော ရေပြန်မကျသေးသည့်အတွက် ကျိုက်မရောမြို့နယ်အတွင်းမှ  လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ထပ်တက်လာပါက လက်ရှိစာရင်းထက် ပိုများလာနိုင်ကြောင်းနှင့် ပြည်နယ်ချုပ်အနေဖြင့် စုစုပေါင်း ကျပ် ၁၃၄၁၉ ဒသမ ၃၂၅ သန်းခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မွန်ပြည်နယ်အတွင်းမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ဇွန်လမှာလည်း တစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ အဲဒီအကြိမ်မှာ မော်လမြိုင်မြို့နယ် အပါအဝင် မြို့နယ်ပေါင်း ခုနစ်မြို့နယ်လောက် သဘာဝဘေး ဖြစ်ပွားခဲ့ပါတယ်။ နောက်ဇူလိုင်လမှာ တစ်ကြိမ်ထပ်ဖြစ်တယ်။ အဲ့ဒီအကြိမ်မှာ အဓိက ဘီးလင်းမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ခုနစ်မြို့နယ်လို့ထပ်မံပြီးတော့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လတ်တလောမှာ ပြည်နယ်အစိုးရရဲ့အစီအ စဉ်နဲ့ရော၊ ပြည်ထောင်စုအစိုးရရဲ့ အစီအစဉ်နဲ့ရော ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေပါတယ်။ လတ်တလော ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျပ်သန်းပေါင်း ၃၈၈ ဒသမ ၉၁၂ သန်းဖိုး လောက်ဆောင်ရွက်ပေးထားပါတယ်။ ကျန်လိုအပ်နေတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက်ကို ပြည်နယ်အစိုးရရဲ့အစီအမံနဲ့ တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပါတယ်။ ပြည်နယ်အစိုးရအနေနဲ့မတတ်နိုင်တဲ့ကိစ္စတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြပေးထားပါတယ်” ဟု ပြောကြားသည်။

“ဇူလိုင်လအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးက ဘီးလင်းမြို့နယ်အတွင်းမှာ အဖြစ်များခဲ့ပါတယ်။ လက်ရှိ ဘီးလင်းမြို့နယ်အတွင်းမှာ ပြန်လည်ထူထောင်ရေး အပိုင်းအနေနဲ့ ရေဖုံးလွှမ်းခြင်းခံလိုက်ရတဲ့ ရေတွင်း၊ ရေကန်တွေအားလုံးကို ပြည်နယ်အစိုးရ အဖွဲ့အစီအစဉ်နဲ့ ရေတွင်းထဲက ရေတွေကို ပြန်စုပ်ထုတ်ပေးတာတွေ၊ ပြန်မှုတ်ထုတ်ပေးတာတွေ၊ နောက်ရေသန့်ဆေးခပ်ပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်။ ကျန်းမာရေး အပိုင်းအနေနဲ့ကလည်း မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကနေ တာဝန်အပြည့်အဝယူပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ ပျက်ဆီးဆုံးရှုံးမှုတွေများပြားတဲ့အတွက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က အစီအစဉ်နဲ့ရော ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်နဲ့ပါ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပါတယ်” ဟု ဦးမြင့်သန်းဝင်းက ပြောကြားသည်။

“အဲဒီအပြင်ကို ဘီးလင်းမြို့နယ်အတွက် မျိုးစပါးတင်း ၂၀၀၀ ဝယ်ယူထားတာရှိပါတယ်။ နောက်တစ်ခါ ဆန်ကုန်သည်ကြီးများ အသင်းကရော၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနကပါ မျိုးစပါးတွေပေးပို့ထားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့တစ်ဧကကို တစ်တင်းနှုန်းနဲ့အမြန်ပြန်လည်စိုက်ပျိုးနိုင်အောင် စီစဉ်ပေးထားပါတယ်။ အားလုံး မျိုးစပါးတင်းပေါင်း ၁၁၀၀၀ ကျော်ကို ဘီးလင်းမြို့နယ်အတွက် လတ်တလော ဖြန့်ဖြူးပေးထားပါတယ်။ ကျန်တဲ့မြို့နယ်များအတွက်ကိုလည်း ပျက်ီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ လယ်မြေတွေရဲ့ စာရင်းတွေကို သက်ဆိုင်ရာဌာနတွေကနေ စာရင်းတိတိကျကျကောက်ယူပြီးတော့ ရေပြန်ကျချိန်မှာ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်နေပါတယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

ဇွန်မှ သြဂုတ်လအတွင်း သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် မွန်ပြည်နယ်အတွင်း၌ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၂၆၈၂၆ မှ လူဦးရေ ၁၃၀၂၆၀ ဦး ရေဘေးသင့်ခဲ့သည့်အပြင် ကျွဲ၊ နွား၊ ဝက် စသည့် တိရိစ္ဆာန်များ သေကျေမှုများလည်းရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent