ရီးယဲလ်အသင်းလူငယ်ကွင်းလယ်ကစားသမား အော်ဒီဂွါအား တစ်ရာသီအငှားဖြင့် ဗီတက်ဆီအသင်း ခေါ်ယူ

ရီးယဲလ်အသင်းလူငယ်ကွင်းလယ်ကစားသမား အော်ဒီဂွါအား တစ်ရာသီအငှားဖြင့် ဗီတက်ဆီအသင်း ခေါ်ယူ
Published 22 August 2018

Photo: Twitter

နယ်သာလန်ကလပ် ဗီတက်ဆီအသင်းသည် ရီးယဲလ်အသင်းလူငယ်ကွင်းလယ်ကစားသမား အော်ဒီဂွါကို တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။

ရီးယဲလ်အသင်း၏ ထုတ်ပြန်ချက်တွင် "အော်ဒီဂွါကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ ဗီတက်ဆီအသင်းဆီ အငှားချဖို့ နှစ်ဖက်အသင်း သဘောတူညီမှုရရှိခဲ့ပါပြီ"ဟု ထုတ်ပြန်ခဲ့သည်။

ဗီတက်ဆီအသင်းကလည်း အော်ဒီဂွါ ရောက်ရှိလာကြောင်းကို ၎င်းတို့၏ Twitter စာမျက်နှာတွင် ကစားသမား၏ပုံနှင့်အတူတင်ကာ ဖော်ပြခဲ့သည်။

အသက် (၁၉)နှစ်အရွယ်ရှိ အော်ဒီဂွါသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလက နော်ဝေကလပ် စတောင်းဂိုဆက်အသင်းမှ ရီးယဲလ်အသင်းသို့ ပေါင် (၃)သန်းဖြင့် ရောက်ရှိလာခဲ့သည်။

ထိုစဉ်က အော်ဒီဂွါ၏ အသက်မှာ (၁၆)နှစ်သာ ရှိသေးသဖြင့် ရီးယဲလ်မက်ဒရစ်(B)အသင်းတွင် စတင်ကစားခဲ့ရပြီး ဥရောပ၏အကောင်းဆုံးလူငယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့သော် အော်ဒီဂွါသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ပွဲထွက်ခွင့်မရဘဲ ပြီးခဲ့သည့်(၂)ရာသီအတွင်း နယ်သာလန်ကလပ် ဟီရန်ဗင်းအသင်းသို့ အငှားချထားခြင်းခံရသည်။

အော်ဒီဂွါသည် ဟီရန်ဗင်းအသင်းတွင် ပြိုင်ပွဲစုံ (၄၃)ပွဲ၌ (၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး နော်ဝေးလက်ရွေးစင်အသင်းအတွက်လည်း (၁၂)ပွဲအထိ ပါဝင်ကစားပေးထားသူ ဖြစ်သည်။

Most Read

Most Recent