Friendly Clinic ဆေးခန်းတွင် တရားမဝင် ဆေးကုသည်ဟု ယူဆရသော တရုတ်နိုင်ငံသား နှစ်ဦးအား လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေး

Friendly Clinic ဆေးခန်းတွင် တရားမဝင် ဆေးကုသည်ဟု ယူဆရသော တရုတ်နိုင်ငံသား နှစ်ဦးအား လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေး
Published 19 August 2018

ဒေါပုံမြို့နယ်ရှိ Friendly Clinic ဆေးကုခန်းတွင် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူ၊ ခွဲစိတ်ခန်းနှင့် တရားမဝင် ဆေးဝါးများဖြင့် ဆေးကုသနေသည့်အတွက် ဥပဒေအရ တရားစွဲဆို အရေးယူထားပြီး တရားမဝင် ဆေးကုသသည်ဟု ယူဆရသော တရုတ်နိုင်ငံသား နှစ်ဦးကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“Friendly Clinic ဆေးခန်းမှာ တရားမဝင် ဆေးကုနေတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးဖို့အတွက် ကျွန်တော်တို့ လဝကတို့ မြို့နယ်စည်ပင်တို့ကို အကူအညီ တောင်းထားပါတယ်။ လက်ရှိအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ ဆေးခန်းစစ်ဆေးတုန်းက တွေ့ခဲ့တဲ့ အလှကုန်တွေကိုလည်း FDA က စစ်ဆေးနေပါတယ်။ ထူးခြားမှု မရှိသေးပါဘူး” ဟု ဆေးခန်းစစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်းက ပြောကြားသည်။

အဆိုပါ ဆေးခန်းကို ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဇူလိုင် ၂၅ ရက်က ရှောင်တခင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် တရားမဝင် နိုင်ငံခြားသား ဆေးကုသသူများ တရားမဝင်ဆေးကုသခြင်း ရှိ မရှိ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင် ရှိ မရှိ၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိမရှိ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်း ရှိ မရှိ စသည်တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဒေါပုံမြို့နယ်ရှိ Friendly Clinic ဆေးကုခန်းတွင် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူ၊ ခွဲစိတ်ခန်းနှင့် တရားမဝင် ဆေးဝါးများဖြင့် ဆေးကုသနေသည့်အတွက် အမျိုးသား ဆေးဝါးဥပဒေ၊ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေများဖြင့် ဆေးခန်းပိုင်ရှင်အား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“ဆေးခန်းလိုင်စင်က ၂၀၁၇ ခုနှစ်ကတည်းကရထားပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးပါတယ်။ သက်တမ်းမကုန်ခင်မှာပဲ ကျွန်တော်တို့ကို ပြန်လျှောက်ထားတယ်။ ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်း သက်တမ်းတိုး စစ်ဆေးချက်ပုံစံနဲ့ကို ကျွန်တော်တို့ ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အခွန်မှူး၊ လမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့က စစ်ဆေးပြီးတော့ သက်တမ်းတိုး လျှောက်ထားတာ ရှိပါတယ်။ ဒီဆေးခန်းကို သက်တမ်းမတိုးရသေးဘူး။ အခုစိစစ်ဆဲမှာဘဲ ဒီကိစ္စပေါ်တာပါ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကဆေးကုခန်း ခြောက်ခုကို ရှောင်တခင် စစ်ဆေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူ၊ တရားမဝင် ဆေးဝါးနှင့် ခွဲစိတ်ခန်းများ ပါဝင်သည့် ဆေးခန်းများအား ဥပဒေအရ တရားစွဲဆို အရေးယူခဲ့ကြောင်း သိရသည်။

Most Read

Most Recent