ရခိုင်အရေးသည် လတ်တလော ပြဿနာများကို ဖြေရှင်းရုံဖြင့် မပြီးဘဲ အဖွဲ့အစည်းနှစ်ခု သင့်မြတ်စွာ နေထိုင်ရေးနှင့် ဆင်းရဲမှု တိုက်ဖျက်ရန် လိုအပ်ဟုဆို

ရခိုင်အရေးသည် လတ်တလော ပြဿနာများကို ဖြေရှင်းရုံဖြင့် မပြီးဘဲ အဖွဲ့အစည်းနှစ်ခု သင့်မြတ်စွာ နေထိုင်ရေးနှင့် ဆင်းရဲမှု တိုက်ဖျက်ရန် လိုအပ်ဟုဆို
Published 17 August 2018

ရခိုင်အရေးသည် လတ်တလော ပြဿနာများကို ဖြေရှင်းရုံဖြင့်မပြီးဘဲ အဖွဲ့အစည်းနှစ်ခု သင့်မြတ်စွာ နေထိုင်ရေးနှင့် ဆင်းရဲမှုကို တိုက်ဖျက်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့၏ အဖွဲ့ဝင် ဦးဝင်းမြက ပြောကြားသည်။

သြဂုတ် ၁၆ ရက်က နေပြည်တော်ရှိ M-Gallery ဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မတီအဖွဲ့ဝင်ဦးဝင်းမြက ပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်တစ်ခုကတော့ ရခိုင်ပြည်မှာ လောလောဆယ် ပြဿနာကို ဖြေရှင်းရုံနဲ့ မပြီးသေးပါဘူး။ သူတို့ပြန်လာမယ့် ကိစ္စကို ကျွန်တော်တို့ ဆောင်ရွက်နေတယ်ဆိုပေမယ့် သူတို့ပြန်လာတိုင်းလည်း ဒီပြဿနာကြီး ပြီးသွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ တစ်နေ့တော့ ရခိုင်ပြည်မှာ ပြေငြိမ်းသွားဖို့ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုက အခြေခံပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကို မြင်ပြီးတဲ့အခါမှာ ကျွန်တော်တို့ တိုက်ဖျက်ဖို့ လိုတယ်။ အဖွဲ့အစည်း တစ်ဖက်နဲ့တစ်ဖက် Community နှစ်ခုနေပြီးတဲ့အခါမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ ပြည်နယ်မှ မဟုတ်ပါဘူး။ အဲဒီတော့ ဒီပြည်နယ်မှာဆိုလို့ရှိရင် ကျွန်တော်တို့ Community နှစ်ခု သင့်သင့်မြတ်မြတ်နဲ့ နေထိုင်သွားဖို့ ဆိုတာလေးက အရေးကြီးပါတယ်။ ဒါဟာ ပြောတော့ လွယ်တယ်။ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲတော့ ဖြစ်နိုင်ပါတယ်” ဟု ဦးဝင်းမြက ပြောကြားသည်။

ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့အနေဖြင့် မောင်တောမြို့သို့ ရောက်ရှိပြီးနောက်ပိုင်းတွင် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်တွင် ပါရှိသည့် အတူတကွနေထိုင်ရေး၊ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ရေး၊ သွားလာနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့အား အောင်မြင်စွာ ဖော်ဆောင်သွားနိုင်ရန် အကြံပြုချက်တွင် ထည့်သွင်းထားကြောင်း ဦးဝင်းမြက ဆိုသည်။

ထို့ပြင် အစိုးရအား ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့မှ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် အချက် ၂၅ ချက်ကို ပေးပို့ထားကြောင်း သိရသည်။

ဦးဝင်းမြက “ဒီရခိုင်ပြဿနာကို ဖြေရှင်းဖို့အတွက် အကြံပြုချက်တွေ အမျိုးမျိုးရှိနေတော့ အပြင်ကနေ ဖိအားပေးတဲ့ ပုံစံမျိုးကိုလည်း နိုင်ငံတော်က လက်မခံချင်ဘူးပေါ့။ ဒါပေမဲ့ ဒီမှာအများဆုံးလက်ခံနိုင်တဲ့ အနေအထားတစ်ခုကို ရှာရတဲ့အခါမှာ ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ တင်ပြချက်ထဲမှာ ထူးခြားတဲ့ အချက်လေး နှစ်ချက်ဟာ အဆင်ပြေသွားတယ်လို့ သုံးသပ်ပါတယ်” ဟု ပြောကြားသည်။

ကော်မရှင်အနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNDP) နှင့် MoU ရေးထိုးနိုင်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များ သွားလာနိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း မီဒီယာများလွတ်လပ်စွာ သွားလာသတင်းရယူနိုင်ရေး စသည့် အချက်များကိုလည်း အစိုးရအား အကြံပြုတင်ပြခဲ့ကြောင်း ဦးဝင်းမြက ပြောကြားသည်။