ဖားကန့်မြို့နယ် မှော်ပုံကျေးရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ဆိုင်ခန်း ၃၅ ခန်းကို မီးရှို့ဖျက်ဆီး

ဖားကန့်မြို့နယ် မှော်ပုံကျေးရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ဆိုင်ခန်း ၃၅ ခန်းကို မီးရှို့ဖျက်ဆီး
Published 16 August 2018

မီးရှို့ဖျက်ဆီးထားသည့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ဆိုင်ခန်းများအား တွေ့ရစဉ်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ဆိုင်ခန်း ၃၅ ခန်းကို သြဂုတ် ၁၅ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းနေရာတွင် ယခင်က တဲငယ် ၅၅ တဲခန့်ရှိပြီး မူးယစ်ဆေးဝါးများ ရောင်းဝယ်နေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ မလွှမ်းမိုးနိုင်ခြင်း၊ ကျူးကျော်တဲများ ဖြစ်နေခြင်းတို့ကြောင့် သြဂုတ် ၁၀ ရက်တွင် နောက်ဆုံးထား ထွက်ခွာရန် အမိန့်ထုတ်ခဲ့ပြီး မူးယစ်ဆေးဝါးများ ဆက်လက် ရောင်းဝယ်မှုပြုနေသဖြင့် မီးရှို့ခဲ့ရခြင်းဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးပိုင်းတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

၎င်းက “အဲဒီနေရာက ကျူးကျော်တဲအိမ် အလုံး ၅၀ ကျော်နေတယ်။ လူတွေကို လွန်ခဲ့တဲ့ လပိုင်းတွေကတည်းက ပြောင်းခိုင်းတာ။ မူးယစ်ရောင်းဝယ်မှုတွေလည်း ဖြစ်နေတာ။ သြဂုတ် ၁၀ ရက် မတိုင်ခင် ပြောင်းဖို့အမိန့် ထုတ်ပြီးသား။ အိမ်အလုံး ၅၀ ကျော်မှာ သာမန် ၂၀ ကျော်က ပြောင်းသွားပြီ။ မူးယစ်ဆေး ရောင်းတဲ့သူတွေက အကာတွေကိုဖျက်ပြီး အမိုးတွေချန်ပြီး မူးယစ်ဆေး ရောင်းနေတာ။ အဲဒီတဲ အလုံး ၃၅ လုံး မီးရှို့လိုက်တယ်။ ဘာပြဿနာမှ မဖြစ်ပါဘူး။ အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖနဲ့ မီးသတ်တပ်ဖွဲ့တွေ ပါတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အထိ တန်ဖိုး ကျပ်သိန်းပေါင်း ၁၉၀၀၀ ကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ နယ်ရဲ နှင့် အထူးမူးယစ်တပ်ဖွဲ့မှ ဖမ်းဆီးမှုပေါင်းမှာ အမှုပေါင်း ၁၃၅၂ မှု၊ ကျား တရားခံ ၁၅၅၇ ဦး၊ မ တရားခံ ၃၃၇ ဦး စုစုပေါင်း ၁၈၉၄ ဦးကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ဖမ်းဆီးနိုင်မှုမှာ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ပြီးနောက်ပိုင်း တိုးတက်လာခဲ့ပြီး ပြည်သူများကလည်း အင်တိုက်အားတိုက် ပါဝင်လာကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက ဆိုသည်။

ဖားကန့်ဒေသမှာ ကချင်ပြည်နယ်၏ အကြီးဆုံး မူးယစ်ဈေးကွက်ကြီး ဖြစ်နေကြောင်း၊ ရွှေ့ပြောင်းလုပ်သား များပြားလွန်းခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ ရောထွေးနေခြင်းတို့ကြာင့် ထိန်းချုပ်ရန် ခက်ခဲနေသည့် အခြေအနေဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆိုသည်။

ဖားကန့်မြို့မ ဒုစခန်းမှူး ရဲအရာရှိတစ်ဦးနှင့် နယ်ထိန်း ရဲတပ်သားနှစ်ဦးကိုလည်း မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ငွေကျပ်သိန်း ၃၅၀ တောင်းယူခဲ့မှုနှင့် ပတ်သက်၍ ယခုလအတွင်းက အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent