ဘဏ္ဍာနှစ်ကြားကာလ လေးလကျော်အတွင်း မြန်မာနိုင်ငံက ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ရှစ်သိန်းသုံးသောင်းကျော် တင်ပို့ထားပြီး ဒေါ်လာသန်း ၂၉၀ ခန့် ရရှိထား

ဘဏ္ဍာနှစ်ကြားကာလ လေးလကျော်အတွင်း မြန်မာနိုင်ငံက ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ရှစ်သိန်းသုံးသောင်းကျော် တင်ပို့ထားပြီး ဒေါ်လာသန်း ၂၉၀ ခန့် ရရှိထား
Published 16 August 2018

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံလုပ်ငန်းတစ်ခုကို တွေ့ရစဉ်

ဘဏ္ဍာနှစ်ကြားကာလ လေးလကျော်အတွင်း မြန်မာနိုင်ငံက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ရှစ်သိန်းသုံးသောင်းကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၂၉၀ ခန့် ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၂ ရက်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် စုစုပေါင်း ၈၃၃,၆၆၃ ဒသမ ၈၂၀ တင်ပို့ထားပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၂၈၈ ဒသမ ၉၈၆ သန်း ရရှိထားကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းစသည့် လမ်းကြောင်း နှစ်ခုစလုံးမှ တင်ပို့နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုသည် ဆန်နှင့်ဆန်ကွဲ တန်ချိန် စုစုပေါင်း ၃၆၃,၈၇၈ ဒသမ ၄၂၀ တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၁၂၁ သန်း ရရှိထားကြောင်း သိရသည်။

ထို့အတူ နယ်စပ်ကန်သွယ်ရေးစခန်းများမှ တင်ပို့မှုသည် ဆန်နှင့် ဆန်ကွဲတန်ချိန် စုစုပေါင်း ၄၆၉,၇၈၅ ဒသမ ၄၀၀ တင်ပို့ထားပြီး တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁၆၇ ဒသမ ၈၆၅ သန်း ရရှိထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ များခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၃၀ ခန့်သာ တင်ပို့နိုင်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သစ်များ တိုးချဲ့ရရှိမှုကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှု ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်း ဆန်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်း ရှိလာခဲ့သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့မှုအခြေအနေ ကောင်းမွန်မှသာ ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

“အဓိကတော့ ပင်လယ်ရေကြောင်းက တင်ပို့မှုက ပုံမှန်ပဲ။ လျော့သွားမှာမဟုတ်ဘူး။ နယ်စပ်ကိုတော့ နည်းနည်းစိုးရိမ်တယ်။ တရုတ်ပြည်ရဲ့အခြေအနေရော သူ့နိုင်ငံရဲ့ Minium Support Price ပေါ်မှာမူတည်ပြီးတော့ နည်းနည်းလေး လျော့နိုင်မလား၊ တိုးနိုင်မလား။ အဲဒီအပေါ်မှာ အခြေခံနေတဲ့ အတွက် နယ်စပ်ကိုတော့ အရမ်းကြီးပြောလို့မရသေးဘူး။ ပင်လယ်ရေကြောင်းကတော့ ဒီအတိုင်းကို ဆက်လက်ပြီးသွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

Most Read

Most Recent