<

နာဂစ်မုန်တိုင်းအပြီးတွင် သဘာဝဘေးအန္တရာယ် တိမ်းရှောင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နာဂစ်လမ်းမကြီး ၁၁ လမ်းမှာ ရာခိုင်နှုန်း ၅၀ ကျော်ပြီးစီး

ဖောက်လုပ်နေဆဲဖြစ်သည့် ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-မြောင်းမြ ကားလမ်း တစ်နေရာကို တွေ့ရစဉ်

နာဂစ်မုန်တိုင်းအပြီးတွင် သဘာဝဘေးအန္တရာယ်များ တိမ်းရှောင်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နာဂစ်လမ်းမကြီး ၁၁ လမ်းမှာ ကတ္တရာလမ်းပိုင်းအဖြစ် ခင်းကျင်းထားနိုင်မှု ရာခိုင်နှုန်း ၅၀ ကျော် ပြီးစီးနေပြီး အသစ်တည်ဆောက်ရန် တံတားကြီး ၁၂ စင်းနှင့် တည်ဆောက်ဆဲတံတား ၁၄ စင်း ကျန်ရှိနေကြောင်း သိရသည်။

မြေဧရိယာ ကျယ်ဝန်း၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြစ်ဝကျွန်းပေါ်ဒေသတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါက နာဂစ်မုန်တိုင်းကဲ့သို့ လူအများအပြား သေဆုံးမှုများ မဖြစ်ပေါ်စေရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နာဂစ်မုန်တိုင်းပြီးစီးချိန်မှ စတင်ကာ မြစ်ဝကျွန်းပေါ် လမ်းကွန်ရက်အဖြစ် လမ်းမကြီး ၁၁ လမ်းကို မအူပင် -မော်လမြိုင်ကျွန်းလမ်း၊ မော်လမြိုင်ကျွန်း- သစ်ပုတ်-ပြင်စလူလမ်း၊ လပွတ္တာ-သင်္ကန်း ကြီး-ပြင်စလူလမ်း၊ လပွတ္တာ-သုံးခွ-အုတ်တွင်း-ထိပ်စွန်းလမ်း၊ ဘိုးကလေး-ကြိမ်ချောင်း -ကဒုံကနိလမ်း၊ ဘိုကလေး-ထော်ပိုင်-အမာလမ်း၊ ဖျာပုံ-ဒေါ်ငြိမ်း-အမာလမ်း၊ ကျုံက ဒွန်း- စက်ဆန်းလမ်း၊ ပုသိမ်- သလပ်ခွာ-မော် တင်စွန်းလမ်း၊ ဘိုကလေး-မော်လမြိုင်ကျွန်း- ကျုံမငေး- ၀ါးခယ်မ-မြောင်းမြလမ်း၊ ပုသိမ်-ငပုတောလမ်း ဟုဆိုကာ မဟာဗျူဟာလမ်းမကြီး ၁၁ လမ်းကို လမ်းကွန်ရက်ရေးဆွဲ ဖောက်လုပ်ခဲ့ကြောင်း၊ လမ်းပိုင်းအသစ် ဖောက်လုပ်ရခြင်း၊ မြစ်ချောင်းများ ပေါများသောကြောင့်  တံတားများစွာ လိုအပ်နေခြင်းကြောင့် အစိုးရသုံးဆက် ပြောင်းလဲခဲ့သည့်အချိန်ထိ လမ်းမကြီး ၁၁ လမ်း၏ စုစုပေါင်း မိုင်အရှည်မှာ ၅၄၁ မိုင် ၅ ဖာလုံသာ ရှိသော်လည်း ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် ၂၆၂ မိုင် ၃ ဖာလုံသာ ဖောက်လုပ်နိုင်ခဲ့သေးကြောင်း၊ လမ်းပိုင်းများကို ဆက်သွယ်ရေးအတွက် ပေအရှည် ၁၀၀၀၀ ၀န်းကျင်ရှိ ပြင်စလူမြစ်ကူးတံတား၊ ပေအရှည် ၅၅၀၀ ၀န်းကျင်ရှိ ရွေးမြစ်ကူးတံတား၊ ပေအရှည် ၈၂၀၀ ၀န်းကျင်ရှိ ပြာမလော့ မြစ်ကူးတံတား၊ ပေအရှည် ၂၅၀၀ ခန့်ရှိ သက္ကယ်သောင် မြစ်ကူးတံတား အပါအ၀င် တံတား ၁၂ စင်းအား တည်ဆောက်ရန် လိုအပ်နေသေးပြီး တည်ဆောက်ဆဲတံတား ၁၄ စင်းရှိနေသေးကြောင်း သိရသည်။

“နာဂစ်မုန်တိုင်း ပြီးသွားချိန်မှာ ကျွန်တော်တို့ စီမံချက်ချပြီးတော့ သဘာဝဘေးတွေ ဖြစ်ပွားခဲ့ရင် ရှောင်တိမ်းနိုင်အောင်ဖို့ ဒေသတွေ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းကွန်ရက်ပေါ့။ လမ်းမကြီး ၁၁ လမ်းကို စီမံချက်ချပြီးတော့ ဖောက်လုပ်ခဲ့ပါတယ်။ လမ်းပိုင်းတွေမှာ ပြီးစီးမှုရှိသလို နည်းနည်း ကျန်တာတွေလည်း ရှိပါတယ်။ အဲဒီလမ်းတွေကျတော့ ပြည်ထောင်စုကနေ စီမံခန့်ခွဲတဲ့လမ်းတွေရှိသလို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲတဲ့လမ်းတွေလည်း ရှိပါတယ်၊ အချို့တံတားတွေဆိုရင် နည်းနည်းယိုယွင်း လာတာတွေ ရှိတယ်ပေါ့နော်။ အဲ့တံတားတွေကို ကျွန်တော်တို့ ဘတ်ဂျက်ကို မူတည်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့မှာ စာရင်းဇယား စီမံချက်တွေလည်း အကုန်လုံးရှိပါတယ်။ နာဂစ်မုန်တိုင်းလို သဘာဝဘေးအန္တရာယ် ဖြစ်လာမယ် ဆိုလို့ရှိရင် ဒီလမ်းတွေကနေ ရှောင်တိမ်းပြီးတော့ သွားလို့ရတယ်၊ နာဂစ်မတိုင်မီက ကျွန်တော်တို့ တိုင်းထဲမှာ ခရီးသွားလာမယ်ဆိုရင် သင်္ဘောတွေပဲ အားကိုးပြီးတော့ သွားလာလို့ရပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တိုင်းရဲ့ မြို့တွေက မြစ်ကမ်းနဖူးတွေမှာ တည်ထားတာမို့ အဲ့လိုပဲ သွားရတယ်။ သို့သော်လည်းပဲ အခုဆိုလို့ရှိရင် လမ်းကွန်ရက်တွေက အတော်များများ ပြီးပြီဖြစ်တဲ့အတွက် မော်တော်ကားနဲ့ သွားလို့ရတယ်။ တံတားကြီးတချို့ ကျန်နေတာကို ဘတ်ဂျက်အလိုက် ဆောင်ရွက်သွားဖို့ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

နာဂစ်မုန်တိုင်း အချိန်တွင် လူသေဆုံးမှု အများအပြား ဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ ပြန်လည်ဖွံ့ဖြိုး တိုးတက်ခြင်း မရှိသေးသည့် ပြင်စလူဒေသ၊ ထိပ်စွန်းဒေသ၊ ကြိမ်ချောင်းဒေသများမှာ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းလမ်းမကြီး ၁၁ လမ်းပြီးစီးပါက ပြန်လည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး တိုင်းအတွင်းရှိ မြို့နယ်များပါ အချိန်တိုတိုဖြင့် လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

August 14, 2018














Copy Protected by Chetan's WP-Copyprotect.