အမြန်လမ်းမကြီးပေါ်တွင် တက္ကစီတစ်စီး လမ်းလယ်ကျွန်းပေါ် ကျော်လွန်၍ သစ်ပင်ကိုဝင်တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

အမြန်လမ်းမကြီးပေါ်တွင် တက္ကစီတစ်စီး လမ်းလယ်ကျွန်းပေါ် ကျော်လွန်၍ သစ်ပင်ကိုဝင်တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ
Published 14 August 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄ အနီးတွင် လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိကာ သစ်ပင်အားတိုက်မိသည့် တက္ကစီအား တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄ မိုင်အနီးတွင် သြဂုတ် ၁၃ ရက် နံနက်အစောပိုင်းက နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့လာသော City Taxi ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိကာ သစ်ပင်အားဝင် တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ သိရသည်။

အမှတ်(၃) လမ်းဆုံ အမြန်လမ်း မီးသတ်စခန်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးငြိမ်းချမ်းက “ဒီလူတွေက လာတာတော့ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ပြန်လာတာပေါ့။ လာပြီးတော့ သူရဲ့ရှေ့ယာဘက်ဘီး ပေါက်ပြီးတော့ အဲဒီလမ်းလယ်ကျွန်းမှာရှိတဲ့ မယ်ဇလီပင်၊ ဘာညာတွေကို ဝင်တိုက်ပြီးတော့ ရန်ကုန်ကနေ နေပြည်တော်လမ်းဘက်ခြမ်းကို ရောက်သွားပြီးတော့ ရပ်တန့်သွားတာပေါ့။ မှောက်တာတော့ မမှောက်ဘူး။ ယာဉ်ပေါ်မှာပါတာ ကျား တစ်၊ မ တစ်ပေါ့။ အဲဒီ ကျားတစ်ယောက်က ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဝဲနားဘက်သွေးထွက် ဒဏ်ရာ၊ လက်ကောက်ဝတ်ကျိုးတဲ့ ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာ သေသွားတယ်။ အမျိုးသမီးတစ်ယောက်ကတော့ နာကျင်ဒဏ်ရာပဲရတယ်။ ကျန်တာတော့ ဘာမှသိပ်မဖြစ်ပါဘူး” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၃ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က လှည်းကူးမြို့နယ် အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းအပိုင် အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း တက်ထွန်းလင်း ၃၀ နှစ်(ဘ) ဦးမြသွင်၊ မြောက်ဒဂုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 4E/---- Toyota Vitz (ခဲရောင်) City Taxi မော်တော်ယာဉ်မှာ လမ်းမကြီး မိုင်တိုင်အမှတ် ၁၄ မိုင် ၃ ဖာလုံ အနီးအရောက်တွင် ယာဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ကျော်လွန်ရောက်ရှိကာ မယ်ဇလီပင်များအား တိုက်မိပြီးနောက် တစ်ဖက်ယာဉ်ကြော (ရန်ကုန်-နေပြည်တော် လမ်းဘက်ခြမ်း) ရှိ မြေသားလမ်းပေါ်သို့ရောက်ရှိ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း တက်ထွန်းလင်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ဝဲ/ယာနားသွေးထွက်၊ ယာဘက်လက်ကောက်ဝတ်ကျိုး ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် အတူလိုက်ပါသည့် မမြတ်သီတာထွန်း၊ ၂၄ နှစ်(ဘ) ဦးထွန်းထွန်းဦး၊ မြောက်ဒဂုံမြို့နယ်နေသူတွင် ခန္ဓာကိုယ် နာကျင် (မစိုးရိမ်ရ-အတွင်းလူနာ) ဒဏ်ရာရရှိသွားခဲ့ရာ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား အမြန်လမ်းတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် လှည်းကူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အားမဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သည့် ယာဉ်မောင်းတက်ထွန်းလင်းအပေါ် ဥပဒေအရ အရေးယူပေးရန် ရဲအုပ်ကျော်ကျော်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် အမှတ်(၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းက ယာဉ် (ပ)၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။