ပုဒ်မ သုံးခုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ၂၁ ကြိမ်မြောက် ရုံးထုတ်ပြီး လာမည့်အပတ်တွင် လျှောက်လဲချက် ပေးရမည်

ပုဒ်မ သုံးခုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ၂၁ ကြိမ်မြောက် ရုံးထုတ်ပြီး လာမည့်အပတ်တွင် လျှောက်လဲချက် ပေးရမည်
Published 14 August 2018

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျင်းပသည့် စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် ပုဒ်မ သုံးခုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား သြဂုတ် ၁၃ ရက်က ၂၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး လာမည့် သြဂုတ် ၂၇ ရက်တွင် စွဲချက်တင်သင့် မတင်သင့်ကို လျှောက်လဲချက် ပေးရမည် ဖြစ်ကြောင်း သိရသည်။

၂၁ ကြိမ်မြောက် ရုံးချိန်းတွင် ဒေါက်တာ အေးမောင်တို့ ဟောပြောခဲ့သည့် အသံဖိုင်အား တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

“တချို့ ဖျက်ထားခဲ့တဲ့ အပိုင်းတွေကို ချန်ထားခဲ့တာတွေ ရှိတယ်။ မလိုအပ်လို့ ထင်လားတော့ မသိဘူး။ အဲဒါကို ကျွန်မတို့က အသံဖိုင်ကို နားထောင်ပြီးရင် လိုတာတွေကိုတော့ အကုန်လုံး ပြည့်စုံအောင် ပြန်ဖြည့်တယ်။ အသံဖိုင်တွေတော့ ဒီနေ့အားလုံး စစ်ဆေးပြီးပြီ။ ကျွန်မတို့ကတော့ အမှုမှန် ဆုံးဖြတ်ဖို့အတွက် ရှေ့ကိုကြိုတင်ပြီး နိမိတ်ဖတ်တဲ့ ထင်မြင်ချက်ကို ရှေ့နေက မပေးရပါဘူး။ ကျွန်မတို့ကတော့ လိုပြသက်သေတွေကို စစ်မေးတဲ့အခါမှာရော သက်သေခံ တင်ပြတဲ့ အခါမှာရော ဒီ CD ခွေကိုလည်း အသံဖိုင် စစ်ဆေးတာ ဖြစ်တယ်။ ဒီ CD ခွေတွေဟာ အခုပြဋ္ဌာန်းထားတဲ့ သက်သေခံ ဥပဒေနဲ့ မညီဘူး ဆိုပြီးတော့ ကန့်ကွက်ထားတာ ရှိတယ်။ ရုံးတစ်ရုံးဟာ အရာဝတ္ထုတစ်ခုကို လက်ခံလိုက်ရုံနဲ့ ဒါဟာ ဥပဒေနဲ့အညီ သက်သေခံ ဝင်တယ်ဆိုတာမျိုး ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေလည်း ရှိပါတယ်။ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ကျွန်မတို့က အဆင့်ဆင့် လုပ်ဆောင်ရတဲ့ အနေအထား ဖြစ်ပါတယ်။ အကြောင်းခြင်းရာရဲ့ ဥပဒေတွေကိုတော့ ဒီစွဲချက်တင်သင့် မတင်သင့်တွေမှာ ကျွန်မတို့ ကျယ်ကျယ်ဝန်းဝန်း ရှင်းလင်းတင်ပြကြမှာ ဖြစ်ပါတယ်။ စီဒီခွေ လက်ခံတဲ့ကိစ္စက ကျယ်ပြန့်တယ်။ အသံခွေတွေဟာ သက်သေခံ ဝင်တယ်ဆိုပေမယ့် အဓိကအားဖြင့် မူရင်း မဟုတ်ဘူး။ မူရင်းက ဖုန်းနဲ့ဖမ်းခဲ့တယ် ဆိုတာ လိုပြသက်သေတွေ ရဲ့ထွက်ချက်မှာ ပါဝင်ပြီးသား ဖြစ်နေတယ်။ ဖုန်းကို တင်ပြတာ မဟုတ်ဘဲ စီဒီခုတ်လိုက်တော့ ဒုတိယတန်းစား မိတ္တူတွေ ဖြစ်နေတယ်။ လျှောက်လဲတဲ့အခါမှာ တိတိကျကျ တင်ပြသွားမှာပါ”ဟု စာရေးဆရာ ဝေဟင်အောင်အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဒေါ်အေးနုစိန်က ပြောကြားသည်။

သြဂုတ် ၁၃ ရက်တွင် ကျရောက်သည့် ရခိုင်ဆန်ပြဿနာနေ့နှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်က ရုံးထုတ်တွင် “ဆန်ပြဿနာ ဆိုတာကို အားလုံး အမှတ်ရနေကြမှာပါ။ အခုအချိန်မှာ လူ့အဖွဲ့အစည်းကို ကောင်းအောင် လုပ်ကြတဲ့အချိန်မှာ ယဉ်ကျေးမှုချင်း ပွတ်တိုက်တာပေါ့ဗျာ။ ရခိုင်မှာ အတိတ်သမိုင်းနဲ့ ပတ်သက်လို့ ပြောကြဆိုကြတာလည်း ရှိတယ်။ အဲဒီလို ပြောခွင့်မပေးဘဲနဲ့ National Reconcilation ကို သွားလို့ကို မရဘူး။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို သွားချင်သလား၊ ရှမ်းအကြောင်းကို ကျွန်တော်တို့ ရင်နဲ့အမျှ ခံစားရတယ်။ ရခိုင်အကြောင်းကို ဗမာတွေလည်း ခံစားကြရလိမ့်မယ်။ မွန်အကြောင်းကို ရခိုင်တွေလည်း ခံစားရမယ်။ အဲဒီလိုမျိုး ပြည်ထောင်တွေကို စုထားတဲ့ ကျွန်တော်တို့ သွားချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို သွားဖို့အတွက် ခင်ဗျားတို့ ကျွန်တော်တို့ပြောတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုတာကို သုံးရင် ယဉ်ကျေးမှုကို နားလည်ရမယ်၊ ရခိုင်တွေ သမိုင်းကို နားလည်ရမယ်၊ မွန်သမိုင်းကို နားလည်ရမယ်၊ အသိအမှတ် ပြုရမယ်၊ အဲဒီလိုမျိုး အသိအမှတ်ပြု ဆွေးနွေးညှိနှိုင်းပြီးမှ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ရမှာ။ အဲဒီလို ရဖို့အတွက် သွားနေတဲ့ လမ်းကြောင်း ပုံသဏ္ဌာန်မှန်ဖို့ လိုတယ်။ အခုက ဗျူရိုကရေစီနဲ့ ဒီမိုကရေစီ Clash ဖြစ်နေ တယ်။ အဲဒီတော့ ဗျူရိုကရေစီ ယန္တရားတစ်ခုဟာ ဒီမိုကရေစီကို ပဲ့ကိုင်သလား။ အဲဒီလို ပဲ့ကိုင်သွားပြီဆိုရင် ဒီမိုကရေစီ Decision ဟာ အကုန်လုံး ပျက်ရမယ်။ အဲဒီလို မဖြစ်ဖို့အတွက် အင်မတန် အရေးကြီးတဲ့ တိုင်းပြည်”ဟု ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုဖြင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇(၁) တို့ဖြင့် တရားစွဲဆိုခဲ့ကာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် စာရေးဆရာ ဝေဟင်အောင် အား နေအိမ်မှ ခေါ်ယူဖမ်းဆီးခဲ့ပြီး ဇန်နဝါ ရီ ၁၈ ရက်တွင် ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးခဲ့သည်။

Most Read

Most Recent