အရာထမ်းငယ် အမျိုးသမီးများ အနေဖြင့် ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိပြီး မကြာမီ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးတာဝန်များ ထမ်းဆောင်ခွင့်ရရှိမည်ဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား

အရာထမ်းငယ် အမျိုးသမီးများ အနေဖြင့် ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိပြီး မကြာမီ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးတာဝန်များ ထမ်းဆောင်ခွင့်ရရှိမည်ဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား
Published 9 August 2018

အရာထမ်းငယ် အမျိုးသမီးများ အနေဖြင့် ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိပြီး မကြာမီ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးတာဝန်အား ထမ်းဆောင်ခွင့်ရရှိမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက မေးမြန်းသော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ရာထူးတာဝန်များကို အမျိုးသမီးများ ခန့်အပ်ထားရှိ တာဝန်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် မည်သည့်အချိန်တွင် စတင်ခန့်ထားမည်နည်း စသည့် ဆက်စပ်မေးခွန်းများနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက ဖြေကြားသည်။

“အမျိုးသမီးဝန်ထမ်းများကို ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိပြီးတော့မှ အုပ်ချုပ်မှုရာထူးများကိုလည်း မကြာခင်အချိန်အတွင်းမှာ ဆက်လက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားချက်မှာ ပါပါတယ်။ ဒါကတော့ အချိန်တစ်ခုအတွင်းမှာ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

ထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အုပ်ချုပ်ရေးမှူး ရာထူးအဆင့်ဆင့်အတွက် လုပ်ငန်းသဘာဝကို အခြေခံကာ အမျိုးသားဝန်ထမ်းများကိုသာ ဦးစားပေး ရာထူးတိုးမြှင့် ခန့်ထားခဲ့သော်လည်း ယခုအခါတွင် ပြောင်းလဲကျင့်သုံးလာသော လူမှုပတ်ဝန်းကျင်အမြင်၊ အုပ်ချုပ်ရေး သဘောတရားတို့ကို ချိန်ဆ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တန်းစီဇယားအလိုက် ရာထူး တိုးမြှင့်ပေးလျက်ရှိသဖြင့် အမျိုးသမီးဝန်ထမ်းများသည်လည်း ထိုက်သင့်သော ရာထူးနေရာ ရရှိလာမည်ဖြစ်ပါကြောင်းနှင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်းငယ် အမျိုးသမီးများ အနေဖြင့် ရာထူးများ အဆင့်ဆင့် တိုးမြှင့်ရရှိသည့် အချိန်တွင် အုပ်ချုပ်ရေးမှူး တာဝန်များကို ထမ်းဆောင်ခွင့် ရရှိလာကြမည်ဖြစ်ပါကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ၁၉၉၂ ခုနှစ်မှ စတင်၍ ဝင်ပေါက်ရာထူးဖြစ်သော ဦးစီးအရာရှိ ရာထူးနေရာများအတွက် ခေါ်ယူရာတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားခြင်း မရှိဘဲ ခေါ်ယူဆောင်ရွက်လျက်ရှိပြီး ရာထူးများ တိုးမြှင့်ခန့်ထားရာတွင်လည်း အမျိုးသမီး ဝန်ထမ်းများကို ဝန်ကြီးဌာနအနေဖြင့် အမြင့်ဆုံး ခန့်အပ်ပိုင်ခွင့်ရှိသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ထိ တိုးမြှင့်ပေးပြီး တာဝန်ထမ်းဆောင်စေလျက်ရှိရာ လက်ရှိအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး၊ ညွှန်ကြားရေးမှူးသုံးဦး၊ ဒုတိယညွှန်ကြားရေးမှူး ၁၃ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ၅၉ ဦး၊ ဦးစီးအရာရှိ ၁၆ ဦးနှင့် ဒုတိယဦးစီးမှူး ၅၅၆ ဦးဖြင့် စုစုပေါင်း အမျိုးသမီးဝန်ထမ်း ၆၄၈ ဦး တာဝန်ထမ်းဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးမှူး တာဝန်အဖြစ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးတိုးမြှင့်ရရှိသဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရာထူးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်းနှင့် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးတာဝန်ကို အမျိုးသမီးဝန်ထမ်း ရှစ်ဦး တာဝန်ထမ်းဆောင်ခဲ့ပြီး လေးဦးသည် တာဝန်ထမ်းဆောင်သည့် အနေကြာကာလအရ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီး လေးဦးသည် ယနေ့အချိန်ထိ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားသည်။

Most Read

Most Recent