<

ဖိလစ်ပိုင်၌နေထိုင်သည့် တရုတ်များက တရုတ်ဘာသာစကား ပြောတတ်သည့် မြန်မာများကို WeChat မှတစ်ဆင့် မက်လုံးပေးပြီး လူကုန်ကူးမှုများ ရှိနေဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိ သတိပေး

ဖိလစ်ပိုင်တွင် နေထိုင်သည့် တရုတ်များက တရုတ်ဘာသာစကား ပြောတတ်သည့် မြန်မာများကို လူမှုကွန်ရက် WeChat မှ တစ်ဆင့် မက်လုံးပေးကာ လူကုန်ကူးမှုများ ရှိနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိက သတိပေး ပြောကြားသည်။

ရှမ်းပြည်နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနှင့် ရှမ်းပြည်နယ် အမှတ်(၁၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် ရွှေ့ပြောင်းသွားလာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ယင်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးကိုကိုက ပွဲတက်ရောက်လာသူများနှင့် ဆွေးနွေးရာတွင် ထည့်သွင်းသတိပေး ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် နေထိုင်ကြသည့် တရုတ်လူမျိုးများက လူမှုကွန်ယက် WeChat မှတစ်ဆင့် တရုတ်ဘာသာစကား ပြောတတ်သည့် မြန်မာနိုင်ငံသားများအား ၀င်ငွေကောင်းသည့်အလုပ် ရရှိမည်၊ လာရောက်မည့် စရိတ်များကို ကျခံပေးမည်ဟု စည်းရုံးကာ တရားဥပဒေနှင့် မညီသည့် လောင်းကစားဒိုင်များတွင် ခိုင်းစေရန် ခေါ်ယူကာ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ လစာနည်းနည်းသာပေး၍ ခိုင်းစေခြင်း စသည့်ဒုက္ခများ ခံစားနေရကြောင်း၊ သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍လည်း အသက် ၁၆ နှစ်မပြည့်သေးသော မိမိသားသမီးများအား ကလေးဟု တွေးမြင်ပြီး လွတ်လပ်စွာ ဆော့ကစားစေခြင်း၊ မိမိတို့ မိသားစု၊ ဆွေမျိုးတော်စပ်သူ၊ သူစိမ်းအမျိုးသားများနှင့် ယုံကြည်စွာ အတူထားခြင်းဖြင့် မုဒိမ်းမှု ကျူးလွန်သူများအတွက် အခွင့်အရေး ရရှိနိုင်သဖြင့် မိဘများ အနေဖြင့် အယုံမလွယ်ကြရန်၊ အမြဲစောင့်ကြည့်ရန်၊ မိဘများနှင့် ကလေးများ လိုက်နာသတိပြုရန် အချက်များ၊ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များအား အမှတ် (၁၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးကိုကိုက အသိပေး ဆွေးနွေးခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြပါရှိသည်။

အလားတူ တပ်ဖွဲ့စု (၁၅)တောင်ကြီးမှ ရဲအုပ်စိန်ဝင်းထွန်းကလည်း အမျိုးသမီးများ၏ အခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများမှ ကာကွယ်ပေးထားမှု၊ ရွှေ့ပြောင်းသွားလာရာမှ လူကုန်ကူးမှု မခံရစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များလည်း ဝေငှခဲ့ကြောင်း သိရသည်။

 

July 31, 2018














Copy Protected by Chetan's WP-Copyprotect.