လှိုင်သာစက်မှုဇုန်ရှိ စက်ရုံ ၁၄ ရုံသည် အားလုံးပိတ်သိမ်းခြင်း မဟုတ်ဘဲ အနည်းငယ်သာ ပိတ်သိမ်းပြီး အခြားစက်ရုံများသည် နေရာရွှေ့ပြောင်းခြင်းနှင့် စက်ရုံပူးပေါင်းခဲ့ခြင်းများ ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝန်ကြီး ရှင်းလင်း

လှိုင်သာစက်မှုဇုန်ရှိ စက်ရုံ ၁၄ ရုံသည် အားလုံးပိတ်သိမ်းခြင်း မဟုတ်ဘဲ အနည်းငယ်သာ ပိတ်သိမ်းပြီး အခြားစက်ရုံများသည် နေရာရွှေ့ပြောင်းခြင်းနှင့် စက်ရုံပူးပေါင်းခဲ့ခြင်းများ ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝန်ကြီး ရှင်းလင်း
Published 29 July 2018

လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံများကို မြင်တွေ့ရစဉ်

လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံ ၁၄ ရုံသည် အားလုံးပိတ်သိမ်းခြင်း မဟုတ်ဘဲ အနည်းငယ်သာ ပိတ်သိမ်းပြီး အခြားစက်ရုံများသည် နေရာရွှေ့ပြောင်းခြင်းနှင့် စက်ရုံပူးပေါင်းခဲ့ခြင်းများ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံ ၁၄ ရုံ အားလုံး ပိတ်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ ပိတ်တယ်ဆိုတာ နည်းနည်းပါးပါးလေး ပိတ်တာပါ။ ကျန်တဲ့စက်ရုံတွေက နေရာရွှေ့တာရွှေ့တယ်။ ပေါင်းတာက ပေါင်းတယ်။ အဲဒီတော့ ဒီဟာက ရန်ကုန်တိုင်းမှာ စက်ရုံတစ်ရုံပြီးတစ်ရုံ ပိတ်တယ်ဆိုတာ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုကိုလုပ်တိုင်း အောင်မြင်တဲ့သူ ရှိသလို မအောင်မြင်တဲ့သူ ရှိပါတယ်။ အောင်မြင်တဲ့သူက ဆက်လုပ်တယ်။ စီမံခန့်ခွဲမှုကောင်းတယ်၊ မိတ်ဆွေကောင်းတွေရှိရင်၊ ဖောက်သည် ကောင်းတွေရှိရင် အောင်မြင်တယ်။ တချို့က လာလုပ်တယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်။ တစ်ဆင့်ခံ ကန်ထရိုက်ရတဲ့ သူတွေက လုပ်ငန်းမအောင်မြင်၊ လုပ်ငန်းရပ်သွားမယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်း တစ်ခုတည်း မဟုတ်ဘူး။ တစ်ကမ္ဘာလုံးဖြစ်တယ်။ တော်တဲ့သူလုပ်ရင် အောင်မြင်တယ်။ ခပ်ညံ့ညံ့သူလုပ်ရင် မအောင်မြင်ဘူး။ ဒါက သဘာ၀ ဖြစ်ပါတယ်။ ဒီနေရာကနေ ပြောချင်တာက ရန်ကုန်တိုင်းဒေသကြီးမှာ အလုပ်အကိုင် ရှားပါးပြီးတော့ အလုပ်သမားတွေ အလုပ်ပြုတ်မယ်ဆိုတာ မဟုတ်ပါဘူး” ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အဆိုပါ စက်ရုံ ၁၄ ရုံအား လေ့လာစုံစမ်းခဲ့ကြောင်း၊ ပုလဲအထည်ချုပ်စက်ရုံသည် စက်ရုံမြေနေရာ ငှားရမ်းရန် အခက်အခဲ ရှိသည့်အတွက် ပိုင်ရှင်တူဖြစ်သည့် စက်မှုဇုန် (၄) သို့ ၂၀၁၇ အောက်တိုဘာ ၉ ရက်တွင် ပြောင်းရွှေ့ခဲ့ပြီး အလုပ်သမားများ အားလုံးကိုပေါင်းပြီး လုပ်ကိုင်နေကြောင်း၊ စက်ရုံပိတ်သိမ်းခြင်း မရှိကြောင်း၊ ဝါးဟားဟား ရေခဲမုန့် စက်ရုံသည် ၂၀၁၈ ဇန်နဝါရီ ၂၉ ရက်တွင် အလုပ်သမားများအား နစ်နာကြေးပေးပြီး လုပ်ငန်းရပ်ဆိုင်းခဲ့ကြောင်း၊ စက်ရုံပိတ်သိမ်းသည်ဟု တင်ပြထားခြင်း မရှိသေးကြောင်း၊ အဆိုပါ စက်ရုံသည် စက်ရုံပိတ်သိမ်းကြောင်း မပြုလုပ်ရခြင်းသည် အရှေ့ဒဂုံစက်မှုဇုန်သို့ ပြောင်းရွှေ့လုပ်ကိုင်မည် ဖြစ်ကြောင်း၊ မိကျောင်း ပီနံအိတ်စက်ရုံသည် လုပ်ငန်းလည်ပတ်ရန် အခက်အခဲ ရှိသောကြောင့် ၂၀၁၈ မေ ၃ ရက်တွင် စက်ရုံပိတ်သိမ်းခဲ့ပြီး ဖြစ်ကြောင်း၊ မြို့မဆင်ဖြူတော် ပဲသန့်စင် စက်ရုံသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး လုပ်ငန်းမကောင်း၍ ပိတ်သိမ်းခဲ့ကြောင်း၊ United Knitting Myanmar Co.,Ltd. ခြေအိတ်စက်ရုံသည် ပိတ်သိမ်းသည်ဟု ပြောသော်လည်း လက်ရှိအချိန်ထိ လုပ်ငန်းလုပ်ကိုင်နေကြောင်း၊ ရေခဲတောင် အအေးခန်း လုပ်ငန်းသည် ၂၀၁၈ မေ ၃၁ ရက်တွင် လုပ်ငန်းလည်ပတ်တော့ခြင်း မရှိတော့ကြောင်း၊ မြတ်ပန်းမွှေး သနပ်ခါးလုပ်ငန်းသည် လုပ်ငန်းလည်ပတ်နေခြင်း မရှိတော့ဘဲ စက်မှုဇုန် (၅) သို့ ပြောင်းရွှေ့လုပ်ကိုင်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“ပြောင်းရွှေ့လုပ်ကိုင်တဲ့ လုပ်ငန်းတွေက မြေနေရာငှားပြီး လုပ်ကြတာ။ ဒီမှာငှားတယ်။ ဆက်ငှားလို့ရရင် ငှားတယ်။ ငှားလို့မရရင် ပြောင်းလုပ်တယ်။ ပိတ်သွားတာတွေလည်းရှိတယ်။ ပိတ်တဲ့လုပ်ငန်းတွေကတော့ အလုပ်ကောင်းရင် လုပ်မယ်၊ မကောင်းရင် ပိတ်မယ်။ ဒါက သဘာဝပါ” ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ထို့ပြင် Cham Zon အထည်ချုပ်စက်ရုံသည် လုပ်ငန်းမကောင်းခြင်း၊ အရည်အသွေးမမီခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ၂၀၁၇ နိုဝင်ဘာ ၂ ရက်တွင် စက်ရုံပိတ်သိမ်းခဲ့ပြီး အလုပ်သမားများအတွက် နစ်နာကြေး သိန်း ၉၉၀ ကျော် ပေးချေခဲ့ကြောင်း၊ Success Time ဖိနပ်စက်ရုံသည် စက်မှုဇုန် (၅) သို့ ပြောင်းရွှေ့လုပ်ကိုင်နေကြောင်း၊ Beauty Place လူသုံးကုန်စက်ရုံသည် ၂၀၁၇ စက်တင်ဘာ ၂၆ ရက်တွင် ရွှေလင်ဗန်းစက်မှုဇုန်သို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း၊ အလုပ်ပိတ်သိမ်းသည်မှာ မဟုတ်ကြောင်း၊ Kuwahara အထည်စစ်စက်ရုံသည် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း၊ TMP ငါးဖမ်းပိုက် စက်ရုံသည် ၂၀၁၈ မေ ၁ ရက်တွင် ရွှေလင်ဗန်းစက်မှုဇုန်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ Popular အထည်ချုပ်စက်ရုံသည် လက်ရှိ လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း၊ North Shore Group အထည်ချုပ် စက်ရုံသည် ၂၀၁၈ မတ် ၃၁ ရက်တွင် မင်္ဂလာဒုံစက်မှုဇုန်သို့ အလုပ်သမားများ မလိုက်နိုင်သဖြင့် နစ်နာကြေး သိန်း ၅၄၀၀ ကျော်ပေးကာ ရွှေ့ပြောင်းခဲ့ကြောင်း ဝန်ကြီးဦးဇော်အေးမောင်က ပြောကြားခဲ့သည်။

“ကျွန်တော် တစ်ဦးတစ်ယောက်ကို ချေပတိုက်ခိုက်တာ မဟုတ်ပါဘူး။ သတင်းအမှန်ကို ရှင်းလင်းတာ ဖြစ်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာထဲမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်မှာ စက်ရုံ ၁၄ ရုံ ပိတ်သိမ်းတော့မယ်ဆိုပြီး တက်လာတယ်။ CTUM က ဒေါ်ခိုင်ဇာကလည်း သူ့ရဲ့အမြင်ကို လူမှုကွန်ရက် စာမျက်နှာမှာ ရေးတယ်။ အလုပ်သမားတွေက တော်တော်တုန်လှုပ် သွားကြတယ်။ ရန်ကုန်တိုင်းမှာ ဒီလိုမျိုး စက်ရုံတွေ တစ်ရုံပြီးတစ်ရုံ ပိတ်နေပြီလား။ ငါတို့အလုပ်ပြုတ်တော့မလားဆိုပြီး အလုပ်သမားတွေဘက်က စိုးရိမ်တယ်။ ရန်ကုန်တိုင်းဒေသကြီးက မြန်မာတစ်နိုင်ငံလုံးမှာ စက်ရုံအလုပ်ရုံ အများဆုံး၊ စက်မှုဇုန် အများဆုံးဖြစ်တယ်။ အဓိကအားဖြင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုထဲက အလုပ်အကိုင်ရှားပါးတဲ့ ဒေသတွေက သူတွေက ရန်ကုန်တိုင်းကို ရွှေ့လာကြတယ်။ ဒီဂယက်က တော်တော်လေး တုန်လှုပ်သွားတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ တုန်လှုပ်သွားကြတယ်” ဟု ဝန်ကြီးဦးဇော်အေးမောင်က ပြောကြားသည်။