စက်မှုဝန်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းအသုံးစရိတ် ကျပ် ၄၂၉ ဒသမ ၆၄၈ ဘီလျံ တင်ပြတောင်းခံခဲ့ပြီး ရပ်ဆိုင်းထားသည့် စက်ရုံ ၂၄ ရုံအား အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

စက်မှုဝန်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းအသုံးစရိတ် ကျပ် ၄၂၉ ဒသမ ၆၄၈ ဘီလျံ တင်ပြတောင်းခံခဲ့ပြီး ရပ်ဆိုင်းထားသည့် စက်ရုံ ၂၄ ရုံအား အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 27 July 2018

စက်မှုဝန်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း အသုံးစရိတ် ကျပ် ၄၂၉ ဒသမ ၆၄၈ ဘီလျံ တင်ပြတောင်းခံခဲ့ပြီး ရပ်ဆိုင်းထားသည့် စက်ရုံ ၂၄ ရုံအား အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်းပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

ဦးခင်မောင်ချိုက စက်မှုဝန်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်စုစုပေါင်း ကျပ် ၄၂၉ ဒသမ ၆၄၈ ဘီလျံလျာထားကြောင်း၊ သာမန်အသုံးစရိတ်အတွက် ကျပ် ၁၆၆ ဒသမ ၆၃၇ ဘီလျံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၁၄၁ ဒသမ ၈၈၄ ဘီလျံ၊ ကြွေးမြီအသုံးစရိတ်အတွက် ကျပ် ၁၂၁ ဒသမ ၁၂၇ ဘီလျံဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံခဲ့သည်။

စက်မှုဝန်ကြီးဌာနတွင် စက်ရုံပေါင်း ၁၁၃ ရုံ ရှိသည့်အနက် ၅၇ ရုံအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်စက်ရုံများထဲတွင် ၂၄ ရုံအား ရပ်ဆိုင်းထားကြောင်း၊ အဆိုပါ ရပ်ဆိုင်းထားသည့် စက်ရုံ ၂၄ ရုံနှင့် ပတ်သက်ပြီး အဖွဲ့နှင့် သုံးသပ်ကာ မူဝါဒချမှတ်ပြီးမှသာ မူဝါဒနှင့်အညီ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စက်ရုံခြောက်ရုံအား ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချနိုင်ရေးအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဦးခင်မောင်ချိုက ပြောကြားသည်။

သာမန်အသုံးစရိတ်ဖြစ်သည့် ကျပ် ၁၆၆ ဒသမ ၆၃၇ ဘီလျံအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျပ် ၂၇ ဒသမ ၆၂၇ ဘီလျံ၊ လုပ်ငန်းသုံးရင်းနှီးငွေမှ ကျပ် ၁၃၉ ဒသမ ၀၁၀ ဘီလျံဖြစ်ပြီး ဦးစီးဌာနများနှင့် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၏ လစာ၊ ပင်စင်နှင့် ငွေကြေးစရိတ်များကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲပြီး ကျန်နိုင်ငံတော်စီးပွားရေးလုပ်ငန်းများ၊ ရေအားလျှပ်စစ် တာဘိုင်အမျိုးမျိုးအပြင် အခြားတီထွင် ဆန်းသစ်မှုများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းသုံးရင်းနှီးငွေမှ ကျခံသုံးစွဲမည်ဖြစ်ကြောင်း၊ လတ်တလော ရပ်ဆိုင်းထားသည့် စက်ရုံများ ပြန်လည်လည်ပတ်ခွင့်ရရှိပါက သုံးစွဲနိုင်ရန်အတွက် လုပ်ငန်းသုံးရင်းနှီးငွေတွင် ထည့်သွင်းလျာထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ငွေလုံးငွေရင်းအသုံးစရိတ်ကျပ် ၁၄၁ ဒသမ ၈၈၄ ဘီလျံ လျာထားမှုတွင် လုပ်ငန်းစီမံကိန်းသစ်များနှင့် ဆောင်ရွက်ဆဲစီမံကိန်းများအတွက် ကျပ် ၁၂၀ ဒသမ ၉၀၅ ဘီလျံ၊ ရုံးချုပ်နှင့် စက်ရုံများအတွက် ကျပ် ၂၀ ဒသမ ၉၇၉ ဘီလျံ လျာထားကြောင်း၊ အသစ်ထပ်မံဖွင့်လှစ်မည့် စက်မှုသင်တန်းကျောင်းများ၊ သံမဏိစက်ရုံ (မြင်းခြံ)၊ (ပင်းပက်)၊ ချည်မျှင်နှင့် အထည်စက်ရုံများ စသည်ဖြင့် အကောင်အထည်ဖော်ရန် အတွက်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ထို့ပြင် စက်မှုဝန်ကြီးဌာန အနေဖြင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြည်ပချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စက်ရုံ၊ စီမံကိန်းများအတွက် သတ်မှတ်သည့်အချိန်တွင် ပေးဆပ်ရမည့် အရင်းငွေများအတွက် ကျပ် ၁၂၁ ဒသမ ၁၂၇ ဘီလျံအား ကြွေးမြီအသုံးစရိတ်တွင် ထည့်သွင်းလျာထား တင်ပြခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။