လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ယခင်နှစ်ထက် ကျပ်ဘီလျံ ၂၀၀ ပိုမိုသည့် ကျပ်ဘီလျံ ၆၂၀၀ ကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တင်ပြတောင်းခံပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ကျပ်ဘီလျံ ၆၀၀ ကျော် ရှုံးမည်ဖြစ်၍ နိုင်ငံတော်က စိုက်ထုတ်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး လွှတ်တော်သို့ တင်ပြ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ယခင်နှစ်ထက် ကျပ်ဘီလျံ ၂၀၀ ပိုမိုသည့် ကျပ်ဘီလျံ ၆၂၀၀ ကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တင်ပြတောင်းခံပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ကျပ်ဘီလျံ ၆၀၀ ကျော် ရှုံးမည်ဖြစ်၍ နိုင်ငံတော်က စိုက်ထုတ်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး လွှတ်တော်သို့ တင်ပြ
Published 27 July 2018

ဇူလိုင် ၂၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ယခင်နှစ်ထက် ဘီလျံ ၂၀၀ ပိုမိုသည့် ဘတ်ဂျက် ကျပ် ၆၂၁၀ ဒသမ ၉၄၀ ဘီလျံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တင်ပြတောင်းခံထားပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ကျပ် ၆၂၉ ဒသမ ၉၆၃ ဘီလျံ ရှုံးမည်ဖြစ်၍ နိုင်ငံတော်က စိုက်ထုတ်ကျခံရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ လွှတ်တော်သို့ တင်ပြချက်အရ သိရသည်။

ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြစဉ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနငါးခု၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းငါးခုနှင့် ကော်ပိုရေးရှင်း နှစ်ခုအတွက် သာမန်အသုံးစရိတ် ကျပ် ၅၂၁၉ ဒသမ ၉၃၅ ဘီလျံ၊ ငွေလုံးငွေရင်း အသုံးစရိတ်ကျပ် ၉၉၁ ဒသမ ၀၀၅ ဘီလျံ၊ စုစုပေါင်း အသုံးစရိတ် ကျပ် ၆၂၁၀ ဒသမ ၉၄၀ ဘီလျံ သုံးစွဲရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချနေသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရငွေကျပ် ၁၂၂၉ ဒသမ ၉၇၈ ဘီလျံ ရရှိရန် လျာထားခဲ့ပြီး ထုတ်လုပ်မှုစရိတ်များ အပါအဝင် အသုံးစရိတ်စုစုပေါင်းမှာ ကျပ် ၁၈၅၉ ဒသမ ၉၄၁ ဘီလျံ သုံးစွဲရန် လျာထားသဖြင့် ကျပ် ၆၂၉ ဒသမ ၉၆၃ ဘီလျံ အရှုံးပေါ်ကာ နိုင်ငံတော်က စိုက်ထုတ်ကျခံရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ပြည်သူများ၊ စက်ရုံများ၊ စက်မှုလုပ်ငန်းများအားလုံးသို့ အရည်အသွေးကောင်းသည့် လျှပ်စစ်ပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် အချိန်ကာလဖြစ်ခြင်းကြောင်း နှစ်စဉ်လိုငွေပြနေပြီး နိုင်ငံတော်က စိုက်ထုတ်ပေးရကြောင်း ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

ထိုသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တောင်းခံမှုသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သုံးငွေနှင့် ဖြည့်စွက်တောင်းခံငွေထက် ကျပ် ဘီလျံနှစ်ရာပိုမို တောင်းခံထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရငွေမှာ ကျပ် ဘီလျံ ၄၉၀၀ နီးပါးဖြစ်ပြီး သုံးငွေနှင့် ဖြည့်စွက်တောင်းခံငွေမှာ ကျပ်ဘီလျံ ၆၀၀၀ ကျော်ဖြစ်သဖြင့် ကျပ်ဘီလျံ ၁၁၀၀ ကျော်လိုငွေ ဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ၂၀၁၈ ဘဏ္ဍာနှစ်တို (ဧပြီမှ စက်တင်ဘာအထိ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျာထားချက်ရငွေမှာ ကျပ် ၂၇၄၃ ဘီလျံကျော်ဖြစ်ပြီး လျာထားချက်သုံးငွေမှာ ကျပ် ၂၇၆၆ ဘီလျံကျော်ဖြစ်သဖြင့် လိုငွေ ကျပ် ၂၃ ဘီလျံ ဖြစ်ပေါ်နေသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအတွက် ရငွေစုစုပေါင်း ကျပ် ၅၅၆ ဒသမ ၇၀၅ ဘီလျံ ရရှိရန် လျာထားပြီး အသုံးစရိတ်စုစုပေါင်း ကျပ် ၅၇၈ ဒသမ ၂၃၄ ဘီလျံရှိကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများအတွက် ရငွေစုစုပေါင်း ကျပ် ၄၆၀၈ ဒသမ ၆၂၅ ဘီလျံ ရရှိရန် လျာထားခဲ့ပြီး အသုံးစရိတ်စုစုပေါင်း ကျပ် ၄၉၇၃ ဒသမ ၀၁၂ ဘီလျံရှိကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်သော ကော်ပိုရေးရှင်းနှစ်ခုအတွက် ရငွေစုစုပေါင်း ကျပ် ၉၃၃ ဒသမ ၈၅၅ ဘီလျံရရှိရန် လျာထားပြီး အသုံးစရိတ်စုစုပေါင်း ကျပ် ၉၀၅ ဒသမ ၉၁၅ ဘီလျံရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထိုသို့ လျာထားဆောင်ရွက်ခွင့်ရရှိသည့် အသုံးစရိတ်များအား ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ၊ အခြားဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဓာတ်အားလိုင်းများ၊ ခွဲရုံများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နှစ်မိုင်အတွင်း ကျေးရွာ ၅၀၈၀၊ အိမ်ထောင်စုပေါင်း ၆၂၆၇၅၈ ဓာတ်အားရရှိစေရေးအတွက် တင်ဒါလုပ်ငန်းစဉ်များနှင့် စာချုပ်ချုပ်ဆိုမှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဓာတ်အားစနစ်တိုးတက် ကောင်းမွန်စေရေးအတွက် ဂျပန် ODA ချေးငွေဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် World Bank ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ၁၅ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပိုင်းတွင် ရေအားလျှပ်စစ် စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုပိုင်းတွင် ဓာတ်အားလိုင်းတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍတွင်လည်း စွမ်းအင်တိုးတက်သုံးစွဲမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် တွင်းသစ်များ တူးဖော်ရှာဖွေမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။