ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၄ ပွိုင့်အောက်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၁ ကျပ်အထိ ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၄ ပွိုင့်အောက်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၁ ကျပ်အထိ ကျဆင်း
Published 27 July 2018

ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ရောက်ပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၁ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီးယူကော်မရှင်ဥက္ကဋ္ဌတို့၏ ဇူလိုင် ၂၅ ရက် တွေ့ဆုံဆွေးနွေးမှုတွင် ကုန်သွယ်ရေး အတားအဆီးများကို ဖယ်ရှားရန်သဘောတူညီမှု ရရှိခဲ့ပြီး ကုန်သွယ်ရေးတင်းမာမှုများအပေါ် စိုးရိမ်မှုကျဆင်းလာ၍ ဒေါ်လာအညွှန်းကိန်း ပြန်လည်အားပျော့လာခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေးသိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ဇူလိုင် ၂၀ ရက်တွင် ၁၄၂၉ ကျပ်၊ ဇူလိုင် ၂၄ ရက်တွင် ၁၄၃၂ ကျပ်၊ ဇူလိုင် ၂၅ ရက်တွင် ၁၄၃၆ ကျပ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင် ၂၆ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ ကျပ် ၁၄၂၇ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၂၆ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၇၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၅၅ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၉ ကျပ်၊ ထိုင်းဘတ် ၄၃ ဒသမ ၄၀ ကျပ်၊ တရုတ်ယွမ် ၂၁၀ ဒသမ ၅ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၈၅ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၃၈ ကျပ်ဖြစ်သည်။

Most Read

Most Recent