နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ၁၄၃၆ ကျပ်အထိ ဆက်လက်မြင့်တက်ပြီး ပို့ကုန်ရငွေ ၁၄၅၅ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၅၈ ကျပ်အထိ ရောက်ရှိလာ

နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ၁၄၃၆ ကျပ်အထိ ဆက်လက်မြင့်တက်ပြီး ပို့ကုန်ရငွေ ၁၄၅၅ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၅၈ ကျပ်အထိ ရောက်ရှိလာ
Published 26 July 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေကြေးလဲလှယ် ရောင်းဝယ်ရေး စင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

ဇူလိုင် ၂၅ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ၁၄၃၆ ကျပ်အထိ ဆက်လက်မြင့်တက်ပြီး ပို့ကုန်ရငွေ ၁၄၅၅ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၅၈ ကျပ်အထိ ရောက်ရှိလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ဒသမ ၂၇ ပွိုင့်ဝန်းကျင်အထိ ကျဆင်းလာသော်လည်း ပြည်တွင်းဈေးကွက်တွင် ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဒေါ်လာဈေးသည် ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီးယူကော်မရှင်ဥက္ကဋ္ဌတို့၏ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ၊ ဇူလိုင် ၂၇ ရက်တွင် ထွက်ရှိမည့် အမေရိကန် ဒုတိယသုံးလပတ်ဂျီဒီပီ တိုးတက်မှုနှုန်းတို့အပေါ်မူတည်ပြီး အတက်အကျ ဆက်လက်ဖြစ်ပေါ်မည်ဖြစ်သည်။ ဂျီဒီပီတိုးတက်မှုနှုန်းကို ၄ ဒသမ ၁ ရာခိုင်နှုန်းရှိမည် မျှော်မှန်းထားပြီး ယင်းထက်ကျော်လွန်ပါက ဒေါ်လာ ဆက်လက် အားကောင်းလာမည်ဖြစ်သော်လည်း စီးပွားရေးပညာရှင် အချို့က အမေရိကန်၏ စီးပွားရေး တိုးတက်မှုနှုန်းသည် အတိုးနှုန်း မြင့်မားနေမှုနှင့် ဖြစ်ပေါ်နေသော ကုန်သွယ်ရေးစစ်ပွဲများကြောင့် တိုးတက်မှုအရှိန် ကုန်သွားဖွယ်ရှိကြောင်း သုံးသပ်မှုရှိနေသည်။ တရုတ်ယွမ်ငွေမှာ ဒေါ်လာနှင့်ယှဉ်လျှင် ဆက်လက်အားပျော့နေပြီး ဇူလိုင် ၂၅ ရက်တွင် တစ်ဒေါ်လာ ၆ ဒသမ ၈၀ ယွမ်ဝန်းကျင်ဖြစ်နေကာ ကျပ် ၁၀၀ လျှင် ၀ ဒသမ ၄၇ ယွမ်ဝန်းကျင် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်တွင်းဈေးကွက်သမိုင်းတစ်လျှောက် အမြင့်ဆုံးငွေလဲနှုန်းထားအဖြစ် ၁၄၃၈ ကျပ် အထိ ရောက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လ ဒုတိယပတ်မှစတင်ကာ ဒေါ်လာဈေးများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၁ ရက်မှ ဇူလိုင် ၂၅ ရက်အထိ တစ်ဒေါ်လာ ကျပ် ၉၀ အထိ မြင့်တက်ခဲ့ကာ ယင်းကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ၆ ဒသမ ၆၈ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင် ၂၅ ရက်တွင် ၉၄ ဒသမ ၂၉ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇ တို့ဖြစ်ပြီး ဇွန်တွင် ကွာဟချက် အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေး သိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ဇွန် ၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၁ ရက်တွင် ၁၄၀၆ ကျပ်၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၆ ရက်တွင် ၁၄၁၁ ကျပ်၊ ဇူလိုင် ၁၇ ရက်တွင် ၁၄၁၅ ကျပ်၊ ဇူလိုင် ၁၈ ရက်တွင် ၁၄၂၆ ကျပ်၊ ဇူလိုင် ၂၀ ရက်တွင် ၁၄၂၉ ကျပ်၊ ဇူလိုင် ၂၄ ရက်တွင် ၁၄၃၂ ကျပ်၊ ဇူလိုင် ၂၅ ရက်တွင် ၁၄၃၆ ကျပ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင် ၂၅ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ကျပ် ၁၄၂၇ ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက်၌ အခြားနိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၆၆၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၀၅၂ ကျပ်၊ မလေးရှား ရင်းဂစ် ၃၄၈ ကျပ်၊ ထိုင်းဘတ် ၄၃ ဒသမ ၂၀ ကျပ်၊ တရုတ်ယွမ် ၂၁၀ ဒသမ ၅ ကျပ်၊ ဂျပန် ယန်း ၁၂ ဒသမ ၈၀ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၃၇ ကျပ်ဖြစ်သည်။

Most Read

Most Recent