အစိုးရဝန်ထမ်းနှင့် ပင်စင်စားကိုသာ ရောင်းချပေးမည့် မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ လျှောက်လွှာများ စတင်ရောင်းချ

အစိုးရဝန်ထမ်းနှင့် ပင်စင်စားကိုသာ ရောင်းချပေးမည့် မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ လျှောက်လွှာများ စတင်ရောင်းချ
Published 25 July 2018

မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ လျှောက်လွှာများ စတင်ရောင်းချ ပေးနေသည်ကို တွေ့ရစဉ်

အစိုးရဝန်ထမ်းနှင့် ပင်စင်စားဝန်ထမ်းများကိုသာ ရောင်းချပေးမည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ လျှောက်လွှာများကို မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီတွင် ဇူလိုင် ၂၄ ရက်က စတင်ရောင်းချခဲ့ကြောင်း၊ လက်ရှိ အစိုးရဝန်ထမ်းများနှင့် ပင်စင်စား အငြိမ်းစားများကိုသာ ရောင်းချပေးမည့် အဆိုပါ အိမ်ရာဈေးနှုန်းကို ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဈေးကတော့ လတ်တလော ကြေညာနိုင်ခြင်း မရှိသေးပါဘူး။ အစိုးရအဖွဲ့ အတည်ပြုပြီးမှပဲ ဈေးသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်” ဟု စည်ပင်သာယာရေးကော်မတီ အဆောက်အအုံ ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက် ပြီးစီးခဲ့သော မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ RC လေးခန်းတွဲ ခြောက်ထပ်အဆောက်အအုံ ၂၈ လုံး၊ အိမ်ခန်း တစ်ခန်းလျှင် (၆၆၁စတုန်ရန်းပေ) ရှိ အခန်းပေါင်း ၆၇၂ ခန်းကို မန္တလေးတိုင်းဒေသကြီး အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများအား ရောင်းချမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါအိမ်ရာ လျှောက်လွှာများကို ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးဝင်း အတွင်းရှိ ဓမ္မာရုံတွင် သြဂုတ် ၇ ရက်အထိ ရောင်းချသွားမည်ဖြစ်ကာ တိုက်ခန်းလျှောက်လွှာများကို သြဂုတ် ၁ ရက်မှ ၁၄ ရက်အတွင်း ပြန်လည်လက်ခံ သွားမည်ဖြစ်သည်။

လျှောက်ထားသူတို့သည် မန္တလေးတိုင်းအတွင်း နေထိုင်သူဖြစ်ကာ ကိုယ်ပိုင်အိမ်ရာ မရှိသူ၊ အိမ်ထောင်စုစာရင်းမှ တစ်ဦးဦးသည် အိမ်မြေမရှိသူ၊ လက်ရှိနေထိုင်သည့် တိုင်းအတွင်း မြေ၊ အိမ်ရာ ပိုင်ဆိုင်မှု မရှိသူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက ငွေပြန်လည် ပေးအပ်မည်မဟုတ်ဘဲ တိုက်ခန်းပြန်လည် သိမ်းယူမည်ဟု စည်းကမ်းချက်တွင် ပါရှိသည်။

အိုးအိမ်ဦးစီးဌာနမှ တည်ဆောက်ခဲ့သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) ရှိ အခန်းပေါင်း ၈၀၀ ကိုလည်း၂၀၁၆ ခုနှစ် ဇန်နဝါရီ ၄ ရက်က နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစားများကို ရောင်းချပေးခဲ့ကြောင်း၊ မန္တလေးမြို့တွင် အကောင်အထည်ဖော်နေသည့် အိမ်ရာစီမံကိန်းများမှာ ယခင်အစိုးရလက်ထက် ကတည်းကဖြစ်ပြီး ပထမဦးဆုံး ရောင်းချခဲ့သည့် အိမ်ရာမှာ အခန်းပေါင်း ၁၃၄၄ ခန်း ပါဝင်သည့် ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃၀ တန်ဖိုးရှိ တိုက်ခန်းများဖြစ်သည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာကို အစိုးရဝန်ထမ်းလုပ်သက် ၂၅ နှစ်ပြည့်ပြီး မန္တလေးခရိုင်အတွင်း နေထိုင်သူများ၊ တိုက်ပွဲကျ စစ်မှုထမ်းများ၏ မိသားစုဝင်များနှင့် တိုက်ပွဲတွင် ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစား ဝန်ထမ်းများကိုသာ ရောင်းချပေးခဲ့သည်ဟု ဆိုသော်လည်း အိမ်ရာလျှောက်ထားသူများတွင် နေအိမ်ပိုင်ဆိုင်မှု အများအပြားရှိသူများ၊ စီးပွားရေးလုပ်ငန်း တောင့်တင်းသူများ၊ မိသားစုဝင် တစ်ဦးထက်ပိုမလျှောက်ရဟု ပါသော်လည်း အိမ်ထောင်စုစာရင်း ခွဲထုတ်လျှောက်ထားခဲ့မှုများ ရှိခဲ့သည်။

ထိုကဲ့သို့ လျှောက်ထားမှုများကို သက်ဆိုင်ရာဌာန အနေဖြင့် စိစစ်နိုင်ခဲ့ခြင်း မရှိဘဲ ရောင်းချပေးခဲ့သောကြောင့် အမှန်တကယ် အိမ်ရာမရှိသူများ အတွက်ဟုဆိုသော မူရင်းရည်ရွယ်ချက်မှာ ယခုထိ အောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက်မှာ ၅၀၀၀ ခန့်ရှိကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ စစ်တမ်းများအရ သိရပြီး အစိုးရသက်တမ်း ငါးနှစ်အတွင်းတွင်ပင် အိမ်ခန်းပေါင်း ၅၀၀၀ ပြည့်မီအောင် တည်ဆောက်နိုင်ခြင်း မရှိသလို တန်ဖိုးနည်း၊ သင့်၊ မျှတဟူသော အိမ်ရာများကို အစိုးရ ဝန်ထမ်းများသာ ရောင်းချပေးနေခြင်းကြောင့် အခြေခံ အလတ်တန်းစားလူများ၏ အိမ်ရာလိုအပ်ချက်မှာ ပိုမိုမြင့်တက်နေသလို အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။